မောင်သံငြိမ်း
(ယမန်နေ့မှအဆက်)
လုမ္ဗိနီနှင့်ကျွန်တော်
၁၉၉၁ ခုနှစ် ဧပြီလတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ကျွန်တော့်ကို ခန့်အပ်ခဲ့ပါသည်။ ထိုစဉ်က အမေရိကန်နိုင်ငံဆိုင်ရာ သံရုံး ယာယီတာဝန်ခံ/ သံမှူးအဖြစ် ဝါရှင်တန်၌ တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ ယခင် သံအမတ်ကြီး အငြိမ်းစားယူသွားပြီးနောက် သံအမတ်ကြီးတစ်ဦး အဆိုပြုခဲ့ရာ သဘောတူညီ ချက်မပေးသဖြင့် ကျွန်တော်က သံရုံးယာယီတာဝန်ခံ သံမှူးအဖြစ် ၁၀ လခန့် တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ နောက်သံအမတ်အတွက် သဘောတူညီချက်ရပြီး ၁၉၉၁ ခုနှစ် ဩဂုတ်လတွင် ဝါရှင်တန်မှ ထွက်ခွာခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လာပြီး ထိုစဉ်က နိုင်ငံအကြီးအကဲနှင့် ဝန်ကြီးများအား ဂါရဝပြု ညွှန်ကြားချက်ခံယူရပါသည်။ ၁၉၉၁ ခုနှစ် အောက်တိုဘာလမှာ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်သို့ ရောက်ရှိပြီး နီပေါဘုရင် ဘီရင်ဒရာ (ယခု နတ်ရွာစံပြီး) ထံ သံအမတ်ခန့်အပ်လွှာ ပေးနိုင်ခဲ့ပါ သည်။
နီပေါနိုင်ငံသို့ မသွားရောက်သေးမီ အချိန်ကာလအတွင်း နိုင်ငံအတွင်းရှိ စာအုပ်စာတမ်းများ ရှာဖွေဖတ်ရှုခဲ့ပါသည်။ လုမ္ဗိနီအကြောင်း မြန်မာဘာသာဖြင့် ရေးသားမှုနည်းပါးပြီး အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအကြောင်း၊ သမိုင်းအကြောင်း အနည်းငယ်ဖော်ပြထားသည်။ ခရီးသွားလမ်းညွှန်စာအုပ်အချို့တွင် လုမ္ဗိနီအကြောင်း ထင်ထင်ရှားရှား ရေးသားမှု မရှိခဲ့ပါ။ သို့ရာတွင် စာကြည့်တိုက်အချို့မှ တန်ဖိုးရှိ စာအုပ်တစ်အုပ် နှစ်အုပ် တွေ့ရှိလေ့လာခွင့်ရရှိခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနရှိ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ စာတွဲများကိုဖတ်ရှုရာ အားရဖွယ်ရာမရှိပါ။ ယခင်ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာဝင် အနည်းစုပါဝင်သော ဖွံ့ဖြိုးရေးအဖွဲ့၏ အလွဲသုံးစားပြုမှု မကောင်းသတင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၁၉၉၁ ခုနှစ် မေလတွင် နီပေါအစိုးရသစ်က လုမ္ဗိနီ ဖွံ့ဖြိုးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း ကြားသိရ၍ ယခင်အဖွဲ့များကဲ့သို့ မဟုတ်ဘဲ ရာထူးဌာနန္တရအရ တာဝန်ပေးသည့် ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး က ဥက္ကဋ္ဌနှင့် အတွင်းဝန်သုံးဦး ခန့်ထားပြီး ကျန် ၁၇ ဦးမှာ ဗုဒ္ဓဘာသာဝင် ပါမောက္ခကြီးများ ပါဝင်ကြောင်း၊ ဂျပန်နိုင်ငံက အငြိမ်းစားဝန်ကြီးတစ်ဦး ပါဝင်ကြောင်း၊ တက်ကြွစွာ လှုပ်ရှားလျက်ရှိကြောင်း သတင်းကောင်း ကြားသိရပါသည်။
ကျွန်တော့်အနေဖြင့် နီပေါနိုင်ငံ၌ ၎င်းအဖွဲ့နှင့် မလွဲမသွေ ဆက်သွယ်ရမည်ဖြစ်ပြီး မည်သို့တုံ့ပြန်ရ မည်ကို ညွှန်ကြားချက်ခံယူခဲ့ရာ အတွင်းရေးမှူး (၁) က “ကျွန်တော်တို့ အစိုးရအနေဖြင့် ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် ဘုရားတည်၍ ရသည့်နေရာ ဘုရားတည်မည်၊ ကျောင်းဆောက်ရသည့်နေရာတွင် ကျောင်းဆောက်မည်။ ဒါ ကျွန်တော်တို့မူပဲ”ဟု ပြောကြားခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။
ကြိုတင်မျှော်တွေးထားသည့်အတိုင်း ကျွန်တော် ခတ္တမန္ဒူသို့ရောက်ပြီး သုံးလခန့်အကြာ ၂၂-၁-၁၉၉၂ ရက်တွင် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့၊ ဂေါပကအဖွဲ့ (Lumbini Development Trust) မှ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ပါမောက္ခကြီးနှစ်ဦးနှင့် အဖွဲ့ဝင်အချို့ မြန်မာသံအမတ်ကြီးထံ လာရောက်တွေ့ဆုံ ဆွေးနွေးကြပါသည်။
ဂေါပကအဖွဲ့ဝင်များက အလျားသုံးမိုင်၊ အနံ တစ်မိုင်ရှိ “ပင်မစီမံကိန်း = Master Plan” မြေပုံကြီးကို ချပြ၍ ရှင်းလင်းပြောကြားပြီး ဗုဒ္ဓ သာသနာ ထွန်းကားသော မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း သိရှိရသဖြင့် လာရောက် ရှင်းပြခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ပါမောက္ခကြီးများက မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းလင်းအတောက်ပဆုံး နိုင်ငံဖြစ်၍ လည်းကောင်း၊ သံအမတ်ကြီးကိုယ်တိုင် မေးမြန်း စုံစမ်းမှုများရှိနေ၍ လည်းကောင်း၊ နိုင်ငံခြား တိုင်းပြည်များအနက် ယခုကဲ့သို့ ပထမဆုံး လာရောက်ရှင်းပြ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ အမြန်ဆုံး တုံ့ပြန်အဖြေပေးစေလိုကြောင်း ပြောပါသည်။ ကျွန်တော်က နိုင်ငံတော်ကလည်း အထူး စိတ်ဝင်စား၍ လမ်းညွှန်မှုများ ရှိပါကြောင်း၊ တစ်ထိုင်တည်း အဖြေပေးရလျှင် “ဘုန်းတော်ကြီး ကျောင်းများဇုန်” မှ အကောင်းဆုံး မြေကွက်နှစ်ကွက် ရယူလိုကြောင်း ပြန်ကြားပြောဆိုခဲ့ရာ ဂေါပက လူကြီးများ အထူးအံ့အားသင့်သွားကြပါသည်။
ဂေါပကလူကြီးများက ပင်မစီမံကိန်းမြေပုံကြီးကို ချပြ၍ ပထမဆုံးတုံ့ပြန် ပြောကြားသဖြင့် ကြိုက်ရာ မြေကွက်ရွေးခွင့်ဖြင့် ဂုဏ်ပြုလိုပါကြောင်း အားရဝမ်းသာပြောကြပါသည်။ ကျွန်တော်ကလည်း လုမ္ဗိနီတွင် အခွင့်အခါကြုံခိုက်၊ ရှိသင့်သည့် သာသနိကအဆောက်အအုံ၊ အရွယ်အစားနှင့် ဦးရေကို ကြိုတင်တွက်ဆထားပြီးဖြစ်၍ မီတာ ၁၂ဝ ပတ်လည် မြေကွက်တစ်ကွက်နှင့် မီတာ ၆ဝ ပတ်လည် မြေကွက်နှစ်ကွက် ရယူလိုပါကြောင်း၊ မယ်တော်မာယာဒေဝီ ဗိမာန်တည်ရှိရာ “မြင့်မြတ် သော ဥယျာဉ်ဇုန်”နှင့် အနီးဆုံး၊ ထိပ်ဆုံးမှ မြေကွက် နှစ်ကွက် ရယူလိုကြောင်း တင်ပြရာ ဂေါပကအဖွဲ့က သဘောတူပါကြောင်း၊ မြန်မာနိုင်ငံအတွက် သတ်မှတ်ထားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ ယင်းမြေကွက်များပေါ်တွင် မြန်မာဗိသုကာလက်ရာ ဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ပုံတူစေတီ တော် တစ်ဆူ၊ (ဉာဏ်တော်အမြင့် သတ်မှတ်ချက်ရှိ ပါသည်) ဘုန်းတော်ကြီးကျောင်း၊ ဓမ္မသဘင်ခန်းမ ဇရပ်တစ်ခု၊ သိမ် တစ်ခု၊ ဘုရားဖူးများ တည်းခိုရန် အဆောင်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း အသိပေးပြောကြားခဲ့ပါသည်။
ဂေါပကအဖွဲ့ပြန်သွားပြီး ချက်ချင်းပင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော် အစိုးရသို့တင်ပြခဲ့ရာ မဆိုင်းမတွပင် “တင်ပြချက် မူအားဖြင့် သဘောတူသည်၊ ကော်မတီဖွဲ့၍ ဆောင်ရွက်မည်”ဟု ပြန်ကြားချက်ရခဲ့ပါသည်။ မြန်မာတို့၏ အလှူ၊ မြန်မာ့ဗိသုကာလက်ရာဖြင့် သာသနိက အဆောက်အအုံများ မြတ်ဗုဒ္ဓဖွားမြင် တော်မူရာ လုမ္ဗိနီ၌ ပေါ်ထွန်းလာမည့်အရေး တွေးတော ဝမ်းသာပီတိဖြစ်ပြီး အိပ်မပျော်သော ညတစ်ည ကြုံတွေ့ခဲ့ရပါသည်။
ထို့နောက် ထိုစဉ်က နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် သံဃမဟာနာယက ဆရာတော်ကြီးများ ထံမှ သြဝါဒခံယူပြီး သာသနာတော်အကျိုး၊ နိုင်ငံတော်အကျိုး၊ ပြည်သူလူထု၏ အကျိုးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်ဖြစ် ကြောင်း လျှောက်ထားခဲ့သည်ကို အားလုံးသိရှိပြီးဖြစ် ပေသည်။
လုမ္ဗိနီတွင် မြေကွက်များရယူ လက်တွေ့ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ မြန်မာဗိသုကာလက်ရာ သာသနိက အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းမည်ကို ပြည်သူများသို့ အသိပေးခဲ့ရာ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းကြသူ ပြည်သူများက စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြပါသည်။ မြေကွက်များရယူရေး မြေငှားစာချုပ်ကို ဂေါပကအဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ၁၁-၂-၁၉၉၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဖွဲ့ ဥက္ကဋ္ဌ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ တိုင်း သံအမတ်ကြီးတို့ရှေ့တွင် မြန်မာသံအမတ်ကြီးနှင့် ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပါမောက္ခကြီး ဗဟာဒူးစကြာတို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့နှင့်လုမ္ဗိနီတွင် ဉာဏ်တော် ၇၂ ပေခွဲရှိ လောကမဏိ စူဠာစေတီတော် တည်ထားရေးလုပ်ငန်းများ စတင် နိုင်ခဲ့ပါသည်။ လုမ္ဗိနီတွင် နှစ်ရာထောင်ချီပြီးမှ ပထမဆုံး ပေါ်ပေါက်လာတော့မည့် မြန်မာအစိုးရနှင့် ပြည်သူတို့၏ အလှူလောကမဏိစူဠာစေတီတော်မြတ် တည်ထားရေး လုပ်ငန်းများ အစပျိုးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ခွဲခွာရပြီ လုမ္ဗိနီ
လုမ္ဗိနီဖွံ့ဖြိုးရေးလုပ်ငန်းများ အပြန်အလှန် လမ်းညွှန်တင်ပြဆောင်ရွက်နေချိန်တွင် တာဝန်အရ အခြားနိုင်ငံသို့ ကျွန်တော်ပြောင်းရွှေ့ရပြန်ပါသည်။ ၁၉၉၃ ခုနှစ်က ဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂါလီများကိစ္စ ပြေလည်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကိစ္စအရေးကြီး၍ ၁၉၉၃ ခုနှစ် ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ လုမ္ဗိနီကို ခွဲခွာရ၍ စိတ်မကောင်းဖြစ်မိသော်လည်း မြေကွက်များ စာချုပ်ချုပ်ဆိုရရှိပြီးပြီ။ အထက်သို့ တင်ပြထားသော စေတီတော်အပါအဝင် သာသနိကအဆောက်အအုံ ငါးမျိုးကို (စေတီတော်ဉာဏ်တော် တိုးမြင့်လိုသည် မှအပ) အတည်ပြု သဘောတူပြီးဖြစ်သည်။ ထို့ကြောင့် ဝမ်းနည်းစွာ ခွဲခွာရသော်လည်း ဝန်ထမ်းသဘာဝဖြစ်၍ နားလည်သဘောပေါက် ရပါသည်။
လုမ္ဗိနီ တည်ဆောက်ရေး လုပ်ငန်းများကို နောက်ထပ်ရောက်လာသည့် သံအမတ်ကြီးက ဆက်လက်ဆောင်ရွက်ရာ သုံး/ လေး လအကြာ မကျန်းမာ၍ ပြန်သွားရသည်။ ယခုကွယ်လွန်သွားပါပြီ။ ထို့နောက် သံအမတ်ကြီး ဦးခင်မောင်အုန်း (ကွယ်လွန်) ကို ခန့်ထားခဲ့ပါသည်။ လောကမဏိစူဠာ စေတီတော် တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့ရာ ၁၉၉၅ ခုနှစ် မေလတွင် စေတီတော် အုတ်မြစ်တော်စီ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။
လောကမဏိစူဠာစေတီတော်
မြန်မာနိုင်ငံက ရရှိထားသည့် မီတာ ၈ဝ ပတ်လည်မြေကွက်ပေါ်တွင် မြန်မာအစိုးရနှင့် ပြည်သူတို့၏ ပထမဆုံးအလှူ ဉာဏ်တော် ၇၂ ပေ ခြောက်လက်မအမြင့်ရှိ လောကမဏိစူဠာ စေတီတော်မြတ် ပန္နက်တော်တင်၊ တွင်းတော်ဝင်း အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယင်းမြေကွက် ဝတ္ထုကံမြေ မင်္ဂလာမဏ္ဍပ်တွင် ၁၄-၅-၁၉၉၅ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာထိုစဉ်က သာသနာရေးဝန်ကြီးကိုယ်တိုင် ရတနာ ရွှေကြုပ်တော်၊ မော်ကွန်းကမ္ပည်း ကျောက်စာတော်နှင့် ပတ္တမြားရတနာအုတ်တော်ကို မင်္ဂလာစံတော် ချိန် အတိအကျတွင် တင်ပေးခဲ့ပါသည်။
ကျန်ပုဂ္ဂိုလ်များမှာ ဆောက်လုပ်ရေးဒုတိယ ဝန်ကြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ကျွန်တော်အပါအဝင် သံအမတ်ကြီးသုံးဦး၊ အခြားနေ့နံကိုက် ဗုဒ္ဓဘာသာဝင်သုံးဦးတို့က အုတ်မြစ်များစီပေးပါသည်။ အောင်မင်္ဂလာ ငွေခရုသင်းမှုတ်၊ အောင်မောင်းတီးခတ်ပြီး မင်္ဂလာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားကို ဗုဒ္ဓဂယာ ဆရာတော်အမှူး ပြု၍ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ နီပေါသံဃာတော်များ၊ နီပေါရောက် မြန်မာ အပါအဝင် ဗုဒ္ဓဘာသာဝင်များ၊ မြန်မာဘုရားဖူးအဖွဲ့များ စည်ကားစွာ တက်ရောက်ခဲ့ပါသည်။
လောကမဏိစူဠာစေတီတော်မှာ ၁၉၉၆ ခုနှစ်တွင် ထီးတော်တင်ပြီးစီးခဲ့ပါသည်။ ကျန်ရှိသည့် သာသနိကအဆောက်အအုံများ ဆက်တိုက် တည်ဆောက်ခဲ့ရာ အာနန္ဒာသိမ်တော်ကြီး (၁၉၉၇ ခုနှစ်)၊ ရွှေကျောင်းတော်ကြီး (၁၉၉၈ ခုနှစ်)၊ တည်းခိုဆောင် (၂ဝဝဝ ပြည့်နှစ်) သာသနာ့ဗိမာန် ဓမ္မာရုံ (၂၀၀၁ ခုနှစ်)တို့တွင် တည်ဆောက်ပြီးစီး ခဲ့ပါသည်။


နိုင်ငံတော်အစိုးရ၊ ရဟန်းရှင်လူ၊ ပြည်သူ အပေါင်းကဆောက်လုပ်လှူဒါန်းခဲ့ကြသည့် သာသနိက အဆောက်အအုံအားလုံးမှာ ခံ့ညား ထည်ဝါပြီး သန့်ရှင်းသပ်ရပ်ကြသဖြင့် မြန်မာ့ရိုးရာ ဗိသုကာပညာကို ကမ္ဘာသို့ ပြသနိုင်ခဲ့ပါသည်။ ချီးမွမ်းထောပနာပြုခြင်းလည်း ခံရသည်ဟု သိရပါသည်။ ဤအလှူဒါန၏ အကျိုးကြောင့် မြန်မာနိုင်ငံ ကြီး အေးချမ်းသာယာပြီး လုမ္ဗိနီ၌လည်း မြန်မာတို့ ၏ အလှူဒါနဖြင့် ဆက်လက်စည်ပင် ဖွံ့ဖြိုးနေမည် သာဖြစ်ပါကြောင်း “လုမ္ဗိနီက မြန်မာတို့၏ အလှူ ဒါနများ” ဆောင်းပါးဖြင့် အသိပေးရေးသားတင်ပြလိုက်ရပါသည်။ ။
(မှတ်ချက်။ ။အကျယ်ဖတ်ရှုလိုပါက မြဝတီစာပေ တိုက်မှ ၂၀၂၀ စက်တင်ဘာလတွင် “လုမ္ဗိနီ” စာအုပ် ကို ပဉ္စမအကြိမ် ထုတ်ဝေပေးခဲ့ပါသည်။)