သတင်းဆောင်းပါး - မြင့်စိုး (နတလ)
လုမ္ဗိနီဆိုသည်မှာ
လုမ္ဗိနီသာမောအင်ကြင်းတောဟု ဆိုလိုက်သည်နှင့် ဤနေရာသည် မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူရာနေရာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များသာမက ကမ္ဘာကပင် အသိအမှတ်ပြု ထားသောအထင်ကရနေရာတစ်ခုဖြစ်ပါသည်။ လုမ္ဗိနီဟုစကားစလိုက်သည်နှင့် ကပိလဝတ်နှင့် ဒေဝဒဟတည်း ဟူသော တိုင်းပြည်တို့သည် လည်းကောင်း၊ ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ဖခမည်းတော် ကပိလဝတ်ပြည့်ရှင်ဘုရင် သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာဒေဝီ၊ ဘဒ္ဒကဉ္ဇနာယသောဓရာ၏ဖခင် ဒေဝဒဟပြည့်ရှင်ဘုရင် သုပ္ပဗုဒ္ဓမင်းနှင့် မိဖုရား အမိတ္တာဒေဝီတို့သည် လည်းကောင်း၊ သူ့နေရာနှင့် သူသူ့အခန်းကဏ္ဍနှင့်သူ အစီအရီရှိနေပါလိမ့်မည်။ ပြက်ပြက်ထင်ထင် ပါဝင်လာပါလိမ့်မည်။ ဆယ်စုရာ စုနှစ်များမှသည် ထောင်စုနှစ်များသို့တိုင် ကျွန်တော်တို့ကိုပြန်လည်ခေါ်ဆောင်သွားပြီး အင်ကြင်းပန်းရနံ့တို့ဖြင့် သင်းပျံ့မွှေးထုံနေသောပျား၊ ပိတုန်းတို့ တဝီဝီအော်မည်လျက် ဝတ်ရည်သောက်သုံးနေကြသော မျောက်ကကြိုး ခွေ၊ ဒေါင်းအိုးဝေသာမက ရွှေပြည်စိုး၊ အောက်ချင်း၊ ဖိုးခေါင်နှင့် သာလိကာကျေးငှက်သံသာတို့ သီကြွေး တေးဆိုနေကြသော လုမ္ဗိနီသာမော အင်ကြင်းတော အလယ်မှာ ချထားပေးခဲ့ပါလိမ့်မည်။
ကပိလဝတ် တိုင်းပြည်နေရာကိုယခုအခါ နီပေါနိုင်ငံအတွင်းတွေ့ရမည်ဖြစ်ပြီးအလောင်းတော်ဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်မှ အနောက်မြောက်ယွန်းယွန်း ၂၅ ကီလိုမီတာ (၁၅မိုင်ခန့်) အကွာတွင် တည်ရှိနေပါသည်။ လုမ္ဗိနီဟု အမည်တွင်သွားရခြင်းမှာ တစ်ခုသောအခါ သမယ၌ဒေဝဒဟပြည့်ရှင်ဘုရင်အဉ္ဇနမင်းလက်ထက် သူနှင့်သူ၏မိဖုရားကြီးလုမ္ဗိနီတို့ အပန်းဖြေခရီးထွက်လာရင်း ဥယျာဉ်တော်တစ်ခုသို့ ရောက်ရှိလာကြသည်။ သာယာလှပသော ထိုဥယျာဉ်တော်ကို လိုချင်ကြောင်း မိဖုရားကြီးက ပူဆာသဖြင့် ပိုင်ရှင်သူဌေးထံ ထိုက်သင့်အသပြာပေးချေကာဝယ်ယူပေးခဲ့သည်။ ထိုမိဖုရားကြီး၏ နာမည်ကိုအစွဲပြု၍ လုမ္ဗိနီဥယျာဉ်တော်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။
နီပေါသို့ အဝင်
ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်း သာဝတ္ထိမှာ ဖူးစရာရှိတာဖူး လေ့လာစရာရှိသည်များ ကြည့်ရှုလေ့လာ ကြပြီးနောက် နေ့လယ်စာကိုစောစောလေးစားလိုက်ကာ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် နီပေါခရီးစဉ် စတင်ထွက်ခွာ လာခဲ့ကြပါသည်။ ပါလန်ဘူမြို့လေးဘက်သို့ ပြန်လည်ထွက်ခွာပြီးမှ နီပေါဘက်သို့ ဦးတည်မည်ဖြစ်သည်။
ထိုသို့ သွားရင်းလာရင်း မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် အစီရဝတီမြစ်ကို ဖြတ်ကျော်ခဲ့သည်။ အစီရဝတီမြစ်ဆိုသည့်အသံကိုကြားလိုက်သည်နှင့် မသိကျိုးကျွန်ပြု၍ ဖြတ်ကျော်သွားဖို့ကတော့ ဘယ်လို နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကြောင်းမှာမပဋာကိုဒါသဇာတ်ထဲက ပဋာစာရီ၊ လင်ဖြစ်သူ ကိုဒါသမြွေကိုက် သေဆုံးပြီး ဒီမြစ်ကိုဖြတ်ကူး ရင်းသားငယ်ကိုစွန်ချီ၊ သားကြီးကရေနစ် ဖြစ်ခဲ့ရသော နေရာပေပဲလေ။ လမ်းမှာ ကားတွေဆီဖြည့်သည် အိန္ဒယနှင့် နီပေါနယ်စပ်မှာစပါးခင်း၊ ဂျုံစိုက်ခင်းကြီးများကိုပို၍ပို၍ တွေ့လာ ရသလိုမှတ်ထင်ရ၏။ ညနေ ၅ နာရီမိနစ်၅၀ မှာအိန္ဒယဘက်ခြမ်း ၊ ဆိုနောလီ / နောက်တန်းဝမြို့လေး အနီးက မြန်မာဘုန်းတော်ကြီးကျောင်းကိုဆိုက်ရောက်ခဲ့ပြီ။ ထိုကျောင်းမှာပြည်ဝင်ခွင့် Passport တွေ ပြန်လည်ထုတ်ပေးသည်။ မကြာခင် ဆိုနောလီ / နောက်တန်းဝမှတစ်ဆင့် နီပေါဘက်ခြမ်းက ပါရာဝါမြို့လေးကို ဖြတ်ကြမည် ဖြစ်သည်။ ဘုရားဖူးအဖွဲ့များဖြစ်နေခြင်းကပဲပြည်ဝင်ခွင့်ကိစ္စမှာ အခက်အခဲမရှိချောမွေ့နေစေရော့ သလား။ သို့တည်းမဟုတ် အောင်ချမ်းသာ Tours အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်တွေ သေသပ်ကောင်းမွန် နေသလားတော့မသိ။ ဘယ်သူမှ ကားပေါ်က မဆင်းလိုက်ရဘဲ လာရောက်စစ်ဆေးရေတွက်ခြင်းဖြင့် အလုံးစုံ ကိစ္စပြီးစေခဲ့သည်။ ကျေးဇူးတင်ပါသည်။ နီပေါ။ ည ၈ နာရီ ၁၅ မိနစ်မှာ ကျွန်တော်တို့ တစ်ညတာ တည်းခိုနေထိုင်မည့်နေရာ လုမ္ဗိနီမြန်မာရွှေကျောင်းသို့ ရောက်ခဲ့ရာ ကျောင်းကြီး၏ ရှေ့မျက်နှာစာတွင် စိုက်ထူ ထားသော သိဒ္ဓတ္ထဘုရားလောင်း ရုပ်တုကိုလှမ်းမြော်ကြည့်ရှုရင်းလက်အုပ်ချီမိပါသည်။ ဤရုပ်တုတော်ကို အောင်ချမ်းသာ ဗုဒ္ဓဂယာဘုရားအဖွဲ့ MD ဒေါ်သဇင်မြင့်အောင်က ဖခင်ရုပ်ရှင်မင်းသားကြီးဦးမြင့်အောင်၊ မိခင်ကြီးဒေါ်သန်းရင်တို့အားအမှူးထား၍ ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်တွင်စိုက်ထူလှူးဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ကြင်းတောသို့ ရောက်ခဲ့ပြီ
ဒီနေ့ ဖွားတော်မူရာနေရာဌာနများကိုဖူးမြော်ပြီးပါကနီပေါမှ အိန္ဒယဘက်ခြမ်းသို့ ပြန်ကူးပြီး ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံသို့ သွားရောက်ကြမည်ဖြစ်သောကြောင့်မနက်စောစော ၄ နာရီခွဲလောက်မှာ အိပ်ရာထကြရပါသည်။ နီပေါသည် အရှေ့ဘက်တွင် ရှိနေသောကြောင့်အိန္ဒယစံတော်ချိန်နှင့် နီပေါစံတော်ချိန်သည် ၁၅ မိနစ်ကွာ သွားပြန်ပါသည်။
မြန်မာနှင့်အိန္ဒယက ၁ နာရီတိတိလောက်ကွာသည်။ မိမိတို့ဘုရားဖူးအဖွဲ့ တည်းခိုရာနေရာနှင့် လုမ္ဗိနီဥယျာဉ် တော်နေရာသည် မဝေးလှပါ။ မြန်မာရွှေကျောင်းမှထွက်လာကြပြီး လောကမဏိစူဠာစေတီတော်ကြီးဘေးမှ ဖြတ်လျှောက်လျှင် မကြာမီမှာပင် ငြိမ်းချမ်းရေးတူးမြောင်း နေရာကို စ၍ရောက်ပါသည်။ ဤနေရာအရောက်မှာပဲ သက်ဆိုင်ရာ ဆရာတော်၏ ရှင်းလင်းမိန့်ကြားချက်အရမြန်မာနိုင်ငံသား၊ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာသာသနာတော် ပြန်လည် ထွန်း ကားပြန့်ပွားရေးကြိုးပမ်းဆောင်ရွက်ချက်များကို သိရှိခွင့်ရခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် လုမ္ဗိနီတွင် ဖွားမြင်ခဲ့သော်လည်း ဘုရားဖြစ်တော်မူပြီးနောက် ထိုနေရာသို့ တစ်ကြိမ်သာ ကြွနိုင်ခဲ့ကြောင်း၊ ကပိလဝတ်နှင့် ဒေဝဒဟတိုင်းပြည်များသို့အသွား လုမ္ဗိနီဥယျာဉ်ဝယ် ခေတ္တနားခဲ့ပြီး ဒေဝဒဟ သုတ္တန်ကို ဟောကြားခဲ့ကြောင်း သီရိဓမ္မာသောက မင်းကြီးသည် ဘီစီ(၂၅၀) ခုနှစ်တွင် လုမ္ဗိနီဒေသသို့ဘုရားဖူးရောက်လာပြီး အသောကကျောက်စာတိုင်ကိုစိုက်ထူခဲ့ကြောင်း၊ ထိုစဉ်က မြင်းရုပ်ဖြင့် ထုဆစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက် သာသနာတော် ပြန်လည်မှေးမှိန်ကာ နှစ်ပေါင်းတစ်ထောင်နီးပါးမျှ လုမ္ဗိနီဒေသ သည် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရကြောင်း၊ ထိုမှရှေးဟောင်းဌာနက ၁၈၉၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၁၈၉၉ ခုနှစ်မှာစတင် တူးဖော်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း အကြိမ်ပေါင်းများစွာတူးဖော်ခဲ့ကြကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် လုမ္ဗိနီသို့ဘုရားဖူးရောက်ရှိလာပြီးနောက် နီပေါဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေး ကာလုမ္ဗိနီဒေသ ပြန်လည်ရှင်သန်ထွန်း ကားရေး လုပ်ငန်းစဉ်များစတင်ခဲ့ကြောင်းသိရသည်။
အတွင်းရေးမှူးချုပ် ဦးသန့်၏ ဦးဆောင်မှုဖြင့် လုမ္ဗိနီငြိမ်းချမ်းရေးတူးမြောင်းကြီးကို ၁၉၈၅ ခုနှစ်တွင် တူးဖော်ဆောက်လုပ်ကာငြိမ်းချမ်းရေးမီးတိုင်ကိုလည်းထွန်းညှိပေးခဲ့သည်။ ထိုငြိမ်းချမ်းရေးမီးတိုင်အား ၁၉၈၆ ခုနှစ်မှစတင်၍ Gas ဖြင့် ထွန်းညှိထားရာ ယနေ့အချိန်ကာလထိမငြိမ်းသေးကြောင်း သိရသည်။ ကုလသမဂ္ဂ နိုင်ငံများ၏ အကူအညီဖြင့် လူသိများတိုးတက်စည်ပင်လာခဲ့သည်။ သံဝေဇနိယလေးဌာနတွင် တစ်ခုအပါအဝင် ဖြစ်သောလုမ္ဗိနီဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ရှိသောဒေသအဖြစ် ယူနက်စကိုက ၁၉၉၇ ခုနှစ်၌ သတ်မှတ်ထား ပြီးဖြစ်သည်။
ဖွားတော်မူရာ နှင့် မယ်တော်မာယာရေကန်
မယ်တော်မာယာကျောင်းဆောင်ဟု ခေါ်သော ဖွားတော်မူရာအဆောင်ထဲမှာဓာတ်ပုံရိုက်ခွင့်မပြုပါ။ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဤစည်းကမ်းချက်ကို လိုက်နာကြရပါမည်။ မိမိတို့နိုင်ငံက ပုဂံမြို့ရှိ အပါယ်ရတနာဘုရားဝင်းထဲမှာလည်း ဓာတ်ပုံရိုက်ခွင့်မပြုတာကိုအမှတ်ရလိုက်မိ၏။ အသောက ကျောက်စာတိုင်နှင့် ကပ်လျက်နေရာကိုပြန်လည်တူးဖော်စဉ် မယ်တော်မာယာသားဖွားနေဟန်ရုပ်တု တစ်ခုတွေ့ခဲ့ကြောင်း ကျောက်ပြားမှာထွင်းထုထားခြင်းဖြစ်ပြီး နှစ်ကာလကြာ၍ ပျက်စီးနေသော်လည်း ရုပ်တုမှာ ပေါ်လွင်နေသေးကြောင်း သိရပါသည်။ ထိုကျောင်းဝင်းထဲမှာ မြတ်စွာဘုရား၏ ခြေတော်ရာတစ်ခုကိုလည်း ဖူးတွေ့ရမည်ဖြစ်သည်။
မယ်တော်မာယာကျောင်းတော်၏ တောင်ဘက်တွင် ရေကန်တစ်ကန်ရှိပါသည်။ မီးရှူးသန့်စင်ဖွားမြင်အပြီး မယ်တော်နှင့် အလောင်းတော်တို့ အသုံးပြုခဲ့ကြောင်း သိရသည်။ နီပေါရှေးဟောင်းဌာနက စနစ်တကျ ထိန်းသိမ်း၍ ရေများကိုသန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးထားသည်။ သန္ဓေယူကာ (၁၀)လ ကြာသော် ဆိုသည့်အတိုင်းဘုရားအလောင်းတော် မမွေးဖွားမီမိဘများရှိရာ ဒေဝဒဟသို့အသွား လုမ္ဗိနီဥယျာဉ်တော်ကို ဖြတ်သန်းခိုက်အင်ကြင်းကိုင်းတို့ တိမ်းညွတ်၍ ရနံ့မွှေးထုံစွာဖူးပွင့်ကြသောအခါသမယ၌ ကမ္မဇတေဇောဓာတ် လှုပ်ခတ်လာပြီး ဘုရားအလောင်းတော်ကိုဖွားမြင်ခဲ့ခြင်းဖြစ်သည်။
ကုသိနာရုံသို့ ဆက်လက်ထွက်ခွာ
လုမ္ဗိနီဥယျာဉ်တော်မှအပြန် မြန်မာရွှေကျောင်း ဆရာတော်အား ၁၀ နာရီအချိန် ဖူးမြော်ကန်တော့၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင်နီပေါမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ မွန်းလွဲ ၁၂ နာရီမိနစ် ၅၀ ၌ နီပေါ-အိန္ဒယနယ်စပ် ဂိတ်သို့ ရောက်ရှိသည်။ လုမ္ဗိနီမှထွက်ခွာလာသော်လည်း ကျွန်တော့်အတွေး အာရုံထဲမှာတော့ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ကပြခဲ့သည့် ဗုဒ္ဓဝင်လေးတော်တင်ခန်းသည်လည်း ကောင်း၊ ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၏ ဇာတ်ထဲက ရာဟုလာ အမွေတောင်းခန်းသည် လည်းကောင်း၊ မနေ့တစ်နေ့ကမှ ကြည့်ခဲ့ရသလို ပြန်လည်မြင်ယောင်နေဆဲ၊ ဆို၊ ငို၊ ပြောအသံများကိုပြန်လည်ကြားယောင်နေဆဲ ... ။