လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်နှင့် လုပ်ငန်းစဉ်မိတ်ဆက်ခြင်း၊ နည်းပြသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၂၀ ဩဂုတ်

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်နှင့် လုပ်ငန်းစဉ်မိတ်ဆက်ခြင်း၊ နည်းပြသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ grand amara ဟိုတယ်၌ ကျင်းပသည်။

 

kl


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအားလုံး လုံခြုံဘေးကင်းပြီး သင်ယူပျော် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးနိုင်ရန်နှင့် မတူကွဲပြားမှုများအလိုက် လိုအပ်ချက်များကို အရည်အသွေးပြည့်မီစွာဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံပညာကျောင်းအဆောက်အဦများ ဆောက်လုပ်ရာတွင် လိုအပ်သောစံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင် ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စာသင်ကျောင်း တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ၊ စာသင်ကျောင်းဆောက်လုပ်ရေးဆိုင်ရာ အင်အားစုများနှင့် စာသင်ကျောင်း ဆောက်လုပ်ရေး နည်းပညာလုပ်ငန်းအဖွဲ့တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရေးဆွဲပြုစုခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ “လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်”သည် မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းဆောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စာအုပ်ပါလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများအားလုံးသည် အခြေခံပညာဦးစီးဌာန၏ စာသင်ကျောင်းများတည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စေရန် အကျိုးပြုမည်ဖြစ်ပါကြောင်း။


ယနေ့ကျင်းပသည့် အစီအစဉ်ကို အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်ဆိုင်ရာ နည်းပြသင်တန်းအစီအစဉ် ဒုတိယပိုင်းကို (၂)ရက်တာမျှ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပညာရေးဌာနနှင့် အခြေခံပညာ စာသင်ကျောင်းဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူများအား နည်းပြသင်တန်းအစီစဉ်ကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် နည်းပြသင်တန်းသည်များစွာ အကျိုးပြုမည်ဟု ယုံကြည်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အကောင်းဆုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်ချက်များနှင့် အတွေ့အကြုံများကို မိမိတို့၏စာသင်ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းစဉ်များတွင် လက်တွေ့ ပြန်လည်အကျိုးပြုကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည့်။


ဆက်လက်၍ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)မှ Program Manager, Mr. Mark Haeussermann မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။


သတင်းစဉ်