ရေတာရှည်  ၁၈ ဇွန်


မြန်မာစာပေပံ့ပိုးကူညီမှုနှင့်ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့ (MBAPF) နှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရေတာရှည်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နေလခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနား၌ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင်ကြသူများအတွက် လုံခြုံစိတ်ချစွာရွှေ့ပြောင်းသွားလာနိုင်ရေးနှင့် ရွှေ့ပြောင်းသွားကြသူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းကာကွယ်နိုင်ရန်ဖြစ်ပါကြောင်း ကျေးလက်ဒေများမှာ အလုပ်အကိုင် အခွင့်အလန်းရှားပါးလာခြင်း၊ ဝင်ငွေနည်းပါးမှု၊ သဘာဘေး အန္တရာယ်ကျရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားမှုစသည့် ဘဝရပ်တည်ရန်ခက်ခဲစေသော အခြေအနေများကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နိုင်ရန် မျှော်လင့်ချက်များဖြင့် သွားရောက်ကြသည့်အခါ တရားဝင်လုံခြုံစိတ်ချစွာ ဘယ်လိုသွားရောက်လုပ်ကိုင်ရမယ်ဆိုတာ မသိကြတဲ့အတွက် လူကုန်ကူးမှုများ ဖြစ်ပွားလာရခြင်း ဖြစ်ပါကြောင်း ပြောကြားသွားခဲ့သည်။ 


မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်း နိုင်ငံများတွင် ရွှေ့ပြောင်း သွားလာမှုအများဆုံးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် လူဦးရေးနှင့် သန်ခေါင်စာရင်းများအရ မြန်မာနိုင်ငံသားရွှေ့ပြောင်းသွားလာ သူ ၄.၂၅ သန်းရှိသည့်အနက် ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၁၅ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့လည်းကောင်း၊ ၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့လည်းကောင်း၊ ၂ ရာခိုင်နှုန်းသည် စင်္ကာပူ နိုင်ငံနှင့် ၂ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံများသို့လည်းကောင်း သွားရောက်အလုပ်လုပ်ကိုင် လျက်ရှိကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံအပေါ်သုံးသပ်ထားသည့် ကမ္ဘာ့လုံးဆိုင်ရာအစီခံစာအရ မြန်မာနိုင်ငံသည် နံပါတ် ၁၈ နေရာတွင် ရှိနေကြောင်း သိရသည်။


ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရွှေ့ပြောင်းသွား လာမှုဆိုင်ရာဆွေးနွေးခြင်း၊ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေခြင်း၊ ရှင်းလင်းခြင်းတို့ပါဝင်ပြီး တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုလွင်(ဆွာ)