လုံခြုံစိတ်ချရဆုံးနေရာ မိမိတို့၏ အိမ်ဂေဟာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေထိုင် ကြသည့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်ထားလိုက်ပြီဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များမှာ လှည်းကူးမြို့နယ်မှအပ ရန်ကုန်မြို့ပြ ဧရိယာတွင် တစ်ဆက်တစ်စပ်တည်း ရှိနေသော မြို့နယ်များဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ရုတ်တရက် အရှိန်အဟုန်မြင့်လာသည့် အခြေအနေတွင် လူဦးရေထူထပ်များပြားပြီး နေ့စဉ်အပြန်အလှန် ကူးသန်းသွားလာမှု များပြားလှသည့် မြို့နယ်များကို အသွားအလာ ကန့်သတ်မှု ပြုလုပ်ခြင်းမှာ ကူးစက်ရောဂါကို တားဆီးထိန်းချုပ် ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် ဆောင်ရွက်ချက်များမှ တစ်ခုပင် ဖြစ်သည်။

 

နေအိမ်တွင် နေထိုင်ရေး အစီအစဉ် ချမှတ်ရာတွင် မဖြစ်မနေ သွားလာရမည့် ကိစ္စများအတွက် စည်းကမ်းချက်များဖြင့် ခွင့်ပြုပေး ထားရာ ကျပ်တည်းလှသည်ဟု မဆိုနိုင်သလို ရောဂါကို မြန်မြန် ဆန်ဆန် ထိန်းချုပ်နိုင်သည်နှင့်အမျှ မူလအခြေအနေသို့လည်း မြန်မြန်ဆန်ဆန် ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်။ စင်စစ် အားဖြင့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းသို့ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ကာလတစ်ရပ်အထိ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှစကာ လွန်စွာလျင်မြန်သည့်နှုန်းဖြင့် ကူးစက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းကူးစက်မှု၏ ၇၁ ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာမပြဘဲ ရောဂါကူးစက်ခံထားရသူ များ ရှိနေခြင်းကြောင့် ရုတ်တရက် ကူးစက်ခံရသူ အများအပြား ပေါ်လာနိုင်ကြောင်း သတိပေးချက်များရှိခဲ့သော်လည်း ရောဂါဖြစ်ပွား မှုကာလကြာမြင့်လာခြင်းနှင့်အတူ ပေါ့ဆမှု၊ လျော့ရဲမှုတို့ ရှိခဲ့ခြင်းက ကပ်ရောဂါကူးစက်မှုကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ ရှိခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကေတီဗွီတွင် လူအရေအတွက် အများအပြားရောဂါကူးစက်မှု တွေ့ရှိရခြင်းကရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း ထင်ရှားသည့် နမူနာဟုပင် ဆိုရမည်ဖြစ်သည်။

 

ရန်ကုန်သည် စီးပွားရေးမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ စားသောက်ဆိုင်များ၊ ကေတီဗွီနှင့် ဘားများ စသည့်အပန်းဖြေ အနားယူမှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အများအပြားတည်ရှိသော မြို့လည်း ဖြစ်သည်။ ကာရာအိုကေ၊ နိုက်ကလပ်နှင့် ဘားများ၏ သဘောသဘာဝအရ လူအများအပြားစုဝေးနေခြင်း၊ တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ပြောဆိုနေထိုင်ခြင်း၊ သီချင်းဆိုခြင်း၊ လူအများ အပြား စကားပြောဆိုခြင်း၊ အခန်းများမှာ လေအေးစက်တပ် အလုံပိတ်အခန်းများက အများစုဖြစ်ခြင်း စသည်တို့က ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့စေရန်အတွက် ဖန်တီးထားသကဲ့သို့ပင်ဖြစ် သည်။ နိုင်ငံတကာသတင်းများကိုကြည့်လျှင်လည်း ကာရာအိုကေ၊ နိုက်ကလပ်နှင့် ဘားများကို အကြောင်းပြု၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ အရှေ့တိုင်းနိုင်ငံများတွင်ရော အနောက်တိုင်းနိုင်ငံ များတွင်ပါ ဖြစ်ပေါ်နေကြောင်းကို တွေ့မြင်ရမည်ဖြစ်သည်။

 

ထပ်မံ၍ အသိပေးရမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံထားရသူ အများစုကို သာမန်အားဖြင့် မည်သူမှမသိနိုင်။ ထိုသူ စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ အသက်ရှူထုတ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည်တို့မှ ထွက်လာသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကိုလည်း သာမန်မျက်စိဖြင့် မည်သူမျှမမြင်နိုင်း အခန်းတွင်းရှိ လေထု ထဲတွင် အချိန်ကြာမြင့်စွာ လွင့်မျောနေတတ်သလို အရာဝတ္ထုများ၏ မျက်နှာပြင်များပေါ်တွင်လည်း ကြာမြင့်စွာရှိနေတတ်သည့် ဗိုင်းရပ်စ်ပိုးများကိုလည်း သာမန်အားဖြင့် မည်သူမျှ မြင်နိုင်မည် မဟုတ်။ ရောဂါကာကွယ်ဆေးများသည်လည်း စမ်းသပ်ဆဲကာလ ဖြစ်နေသည့်အလျောက် မိမိကိုယ်ကိုယ် ကာကွယ်ခြင်းကသာ စိတ်အချရဆုံးဖြစ်သည်။ လူစုလူဝေးရှောင်၊ အပြင်ထွက်တိုင်း ပါးစပ် နှာခေါင်းစည်းတပ်၊ လက်ကိုစင်ကြယ်အောင် မကြာမကြာဆေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် စိတ်အချရဆုံးနေရာမှာ မိမိတို့၏ အိမ်ဂေဟာသာလျှင် ဖြစ်ပါကြောင်း။

 

mna