လုံခြုံရေးနှင့် နိုင်ငံရေးအပါအဝင် ကဏ္ဍငါးခုတွင် တစ်သမတ်တည်းဖြစ်စေရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ သီးခြားဆွေးနွေး

နေပြည်တော် မေ ၂၆

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ အတည်ပြုရန် တင်သွင်းမည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ငါးခုနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က Horizon Lake View ဟိုတယ်၌ ယနေ့ မွန်းလွဲပိုင်းတွင် သီးခြားဆွေးနွေးခဲ့သည်။

အဆိုပါ သီးခြားဆွေးနွေးမှုသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆက်လက်ဆွေးနွေးရာ၌ တစ်စုတစ်စည်း တည်းဖြစ်ရန်ရည်ရွယ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“အခုက ကဏ္ဍငါးခုအတွက် ပြန်ဆွေးနွေးတာ။ မနက်ဖြန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ပြန်ဆွေးနွေးမယ်။ ကဏ္ဍအလိုက် ဆွေးနွေးပြီးပြီမို့ အစုအဖွဲ့လိုက် ပြန်ဆွေးနွေးတာပါ။ (UPDJC) အစည်းအဝေးကြရင် ကျွန်တော်တို့ရဲ့ သဘောထားကို တစ်စုတစ်စည်း တည်း ပြန်ပြောနိုင်အောင်ပါ”ဟု ပြောသည်။

ကဏ္ဍနှစ်ရပ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ တင်သွင်း အတည်ပြုမည့် ကဏ္ဍငါးရပ်အနက် နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍတို့သည် ဆွေးနွေးမှု ပြင်းထန်သော ကဏ္ဍနှစ်ရပ်ဖြစ်သည်။ “နိုင်ငံရေးကဏ္ဍမှာ လောလောဆယ်တော့ စကားလုံးအထားအသို ဆွေးနွေးနေပါတယ်။ ပြည်ထောင်စုရဲ့ ယူနစ်တွေကို ဘယ်လိုခေါ်ဝေါ် မယ်ဆိုတာ ဆွေးနွေးနေဆဲပါ။ ဖက်ဒရယ်ပြည်ထောင်စုကိစ္စကတော့ ဆွေးနွေးလို့ မပြတ်သေးလို့ပါ” ဟု ခွန်မြင့်ထွန်းက ပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)သို့ တင်သွင်းအတည်ပြုမည့် နိုင်ငံရေးကဏ္ဍတွင် အချုပ်အခြာအာဏာ၊ အချုပ် အခြာအာဏာကျင့်သုံးမှု တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)၊ ပါတီစုံဒီမိုကရေစီစနစ် ခေါင်းစဉ်ခွဲ ခြောက်ခုနှင့် အချက်ပေါင်း ၂၁ ချက် ပါရှိသည်။
“လုံခြုံရေးကဏ္ဍက အဖြေထွက်တာ မထွက်တာထက် အခုလို လက်ခံဆွေးနွေးနေတာ ကောင်းပါတယ်။ အချိန်နည်းနည်း ယူရမယ်။ ဒါပေမယ့် အဖြေထွက်အောင် ဆွေးနွေး ရပါမယ်”ဟု ပြောသည်။

စာတမ်းတင်သွင်းထား
လုံခြုံရေးကဏ္ဍတွင် “တစ်ခုတည်းသော တပ်မတော်ထားရှိရေး မူဝါဒ”ကို ဆွေးနွေးလျက်ရှိပြီး နိုင်ငံတော်ကာ ကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ စာတမ်းတစ်စောင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စာတမ်းတစ်စောင်၊ နိုင်ငံရေး ပါတီအစုအဖွဲ့မှ စာတမ်းတစ်စောင် တင်သွင်းထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့မှာ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KNU၊ KNLA(P.C) ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ)၊ DKBA (ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ PNLO (ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး)၊ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)၊ ALP (ရခိုင်ပြည် လွတ်မြောက်ရေးပါတီ)တို့ ဖြစ်ကြသည်။

သီးခြားစီ ဆွေးနွေးခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ တင်သွင်း အတည်ပြုမည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ၊ လုံခြုံရေးကဏ္ဍငါးခုမှ အချက် ၄၁ ချက်ကို အစိုးရနှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့က ညီလာခံတတိယနေ့တွင် အစုအဖွဲ့အလိုက် သီးခြားစီဆွေးနွေးခဲ့ကြသည်။

သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ကျော်ဇေယျ