ရန်ကုန်  ၂၆  စက်တင်ဘာ

 

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးတာဝန်ကို ရွပ်ရွပ်ချွန်ချွန်ထမ်းဆောင်ရင်း အသက် ဆုံးရှုံးခဲ့ရသော ရန်ကုန်ဘူတာကြီး ရထားရဲစခန်းမှ ဒုတပ်ကြပ်မျိုးမြင့်လွင်၏ မိသားစုဝင်များအား ဘဝရပ် တည်နိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေရန် လူမှုရေးကူညီမှုအနေဖြင့် ငွေကျပ် သိန်း ၃၀ ကို ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

 

“မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်ဘူတာကြီး မီးရထားဌာနမှာ လုံခြုံရေးဌာန ဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားတဲ့အတွက် YRTA အနေနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ လုံခြုံရေးတာဝန်ကို ရွပ်ရွပ်ချွန်ချွန်ထမ်းဆောင်ရင်း အသက်သေဆုံးခဲ့တဲ့ အတွက် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်ကို YRTA က ဂုဏ်ပြုပါတယ်။ ကျန်ရစ်တဲ့မိသားစုဝင်တွေ ရပ်တည်နိုင်ရေးအတွက် YRTA က လူမှုရေးကူညီမှုအဖြစ် ငွေကျပ် သိန်း ၃၀ ကို ပေးအပ်ခဲ့ပါတယ်” YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေဖြင့် လူမှုရေးကူညီ ထောက်ပံ့ငွေကို စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်ဘူတာကြီးသို့ သွားရောက်၍ ရဲဒုတပ်ကြပ် မျိုးမြင့် လွင်၏ မိသားစုအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ YRTA အနေနဲ့ မိမိတို့နဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးလည်းဖြစ်၊ တာဝန်ထမ်းဆောင် ရင်း အသက်ဆုံးရှုံးသွားမှု အပေါ် ဂုဏ်ပြုလိုတာရယ်၊ မိသားစုအတွက်လည်း အထောက်အပံ့ဖြစ်စေလိုတဲ့ အတွက် ကူညီထောက်ပံ့ ပေးခဲ့တာပါ” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

 

ရန်ကုန်ဘူတာကြီးရဲစခန်းမှ ရဲဒုတပ်ကြပ်မျိုးမြင့်လွင်သည် စက်တင်ဘာလ ၂၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက်ရှိ လူကူးခုံးတံတားအောက်တွင် ဖုန်းလုယက်မှု ကျူးလွန်ခဲ့သူများအား လိုက်လံ ဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်သူများက ဓားဖြင့်ပြန်လည်ခုခံသည့်အတွက် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သည့် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်တွင် ဇနီးဖြစ်သူနှင့် သား ၃ ဦးကျန် ရစ်ခဲ့ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - YRTA