အစားအစာအများစုက သေချာချက်ပြုတ်ပြင်ဆင်ပြီးမှ စားရင်ပိုစားလို့ကောင်းပြီး တချို့ကတော့ အစိမ်းအတိုင်းလေး စားရတာ ပိုအရသာရှိပါတယ်။ ဒါပေမယ့် လျှာကိုအမြဲအလိုလိုက်လို့လည်း မသင့်တော်ဘူးနော်။ အခုပြောပြပေးသွားမယ့် အစားအစာတွေကတော့ (စားလို့ကောင်းပေမယ့်) အစိမ်းအတိုင်း မစားသောက်သင့်တဲ့ စားစရာတွေပဲဖြစ်ပါတယ်။

 

ပုဇွန်အစိမ်းသုပ်

 

ပုဇွန်ကိုအလယ်ကထက်ခြမ်းခွဲပြီး သံပုရာ၊ လီမွန်သီးတွေထည့်သုပ်ထားတဲ့ ပုဇွန်အစိမ်းက တကယ်စားလို့ ကောင်းတဲ့ ဟင်းအမည်တစ်ခုဆိုတာ ငြင်းမရပေမဲ့ မချက်ပြုတ်ရသေးတဲ့ပုဇွန်မှာ ဘတ်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ခုခံအားသိပ်မကောင်းတဲ့သူတွေဆို ပုဇွန်အစိမ်းသုပ်ကို ရှောင်သင့်ပါတယ်။

 

ကမာကောင်အစိမ်း

 

ကမာကိုအစိမ်းစားရတာလည်း အရသာတစ်မျိုးရှိပါတယ်။ ဒါပေမယ့် ကမာကောင်တွေက ပေါက်ဖွားတဲ့ ရေပေါ်လိုက်ပြီး ပိုးမွှားအမျိုးမျိုးပါတတ်တာသိပါသလား။ ကမာကောင်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ vibriosis လို့ခေါ်တဲ့ ရောဂါပဲဖြစ်ပါတယ်။

 

ပဲကတ္တီပါ၊ ပဲကြီး

 

ပဲမှာ ပရိုတင်းဓာတ်ကြွယ်ဝတာ လူတိုင်းလိုလိုသိပြီးဖြစ်မှာပါ။ မကြာခဏလည်း စားပေးသင့်ပါတယ်။ ဒါပေမဲ့ ပဲကတ္တီပါနဲ့ ပဲကြီး ကိုတော့ အစိမ်းမစားမိဖို့ အကြံပေးချင်ပါတယ်။ အနီရောင်ပဲကတ္တီပါထဲမှာ lectin (PHA) လို့ခေါ်တဲ့ ပရိုတင်းဓာတ်ပါပါတယ်။ ချက်ပြုတ်ပြီးရင်တော့ ဒီပရိုတင်းကမပါဝင်တော့ပေမဲ့ အစိမ်းစားမိရင်တော့ စားပြီး ၃ နာရီလောက်အတွင်းမှာတင် အော့အန်တာ၊ မူးဝေတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားရနိုင်ပါတယ်။

 

ဆိုင်ယာနိုက်ဒ်ဓာတ်က ပြင်းထန်တဲ့အဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။ ဒီဆိုင်ယာနိုက်ဒ်ဓာတ်က မချက်ပြုတ်ရသေးတဲ့ ပဲကြီးအစိမ်းထဲမှာ သဘာဝအတိုင်းပါဝင်နေတာသိပါရဲ့လား။ ဒါ့ကြောင့်ပဲကြီးနဲ့ ဘာဟင်းပဲချက်ပြုတ်စားစား သေချာကျက်အောင် ချက်ပြုတ်ဖို့ မမေ့နဲ့နော်။

 

မှိုများ

 

အထူးသဖြင့် တောထဲမှာအလေ့ကျပေါက်တဲ့ မှိုတွေပါဝင်ပါတယ်။ စားလို့ရတဲ့မှိုလား၊ မစားသုံးသင့်တဲ့ မှိုလား မခွဲခြားနိုင်ရင် လက်ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ တောထဲအလေ့ကျပေါက်တဲ့မှိုတချို့မှာ agaritine, amatoxin လို အဆိပ်အတောက်တွေပါဝင်ပါတယ်။ ဒီအဆိပ်တွေမပါတဲ့ မှိုအမျိုးအစားတွေ စားသုံးမိရင်တောင် အခန့်မသင့်ရင် မူးဝေအော့အန်တာ၊ ဗိုက်အောင့်တာတွေ ခံစားရနိုင်ပါတယ်။

 

ပိန်းဥ

 

ပိန်းဥဖျော်ရည်၊ ပိန်းဥကိတ်မုန့်၊ ပိန်းဥဟင်း စတဲ့စားသောက်ဖွယ်ရာမျိုးစုံလုပ်ပြီး စားသောက်နိုင်ပေမဲ့ ပိန်းဥကို အစိမ်းတော့ မစားလိုက်ပါနဲ့။ မချက်ပြုတ်ရသေးတဲ့ပိန်းဥထဲမှာပါတဲ့ oxalates ဓာတ်တွေက စားမိရင် နှုတ်ခမ်း၊ ပါးစပ်နဲ့ လည်ချောင်းထဲမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်စေပါတယ်။ ချက်ပြုတ်ပြီးမှသာ ဒီဓာတ်တွေလျော့နည်းသွားမှာဖြစ်ပါတယ်။

 

ကြက်ဆူစေ့

 

တစ်ချိန်တုန်းက တီဗီမှာမမြင်ချင်လောက်အောင် နာမည်ကြီးခဲ့တဲ့ ဒီအပင်က အစေ့တွေမှာ ricin လို့ခေါ်တဲ့ အဆိပ်တစ်မျိုးပါဝင်ပါတယ်။ ကြက်ဆူစေ့ဝါးစားမိလို့ ဆေးရုံရောက်တယ်ဆိုတာလည်း တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ကြက်ဆူစေ့ကို ဝါးပြီးမျိုချလိုက်တာနဲ့ ဒီအဆိပ်က ကိုယ်ထဲရောက်သွားမှာဖြစ်ပြီး ပမာဏနည်းနည်းလောက်နဲ့တင် အသက်အန္တရာယ်ရှိပါတယ်။

 

ပီလောပီနံ

 

ပဲကြီးလိုပဲ ပီလောပီနံမှာလည်း ဆိုင်ယာနိုက်ဒ်အဆိပ်ပါဝင်ပါတယ်။ ဒါပေမဲ့ ပီလောပီနံအမြစ်ကို အခွံသေချာခွာပြီး ချက်ပြုတ်စားသောက်မယ်ဆိုရင်တော့ စိတ်ချလက်ချစားလို့ရပါပြီ။ အစိမ်းစား မိရင်တော့ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်နာတာတွေ ကြုံရမှာပါ။

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”