မိုင်းတုံ အောက်တိုဘာလ ၂၅ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် လွယ်ခမ်းလုံကျေးရွာအုပ်စု၊ လုပါခိုင်ကျေးရွာတွင် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ယနေ ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းတုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခတ္တခရိုင်ဦးစီးမှူး ဦးစိုင်းအောင် မျိုးထက်နှင့် တာဝန်ရှိသူများက လုပါခိုင်ကျေးရွာတွင် အရှည် ၇၉၂၉ ပေ၊ အကျယ် ၁၀ ပေရှိ ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
လုပါခိုင်ကျေးရွာရှိ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်(၁၀)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ် ၅ ဒသမ ၂၂ သန်းဖြင့် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုတို့ဖြင့် ဒေသခံပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မိုင်းတုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခတ္တခရိုင်ဦးစီးမှူး ဦဂစိုင်းအောင်မျိုးထက်ထံမှ သိရသည်။
ချိုသန်းညွန့် (ကျေးလက်)