သဉ္ဇာ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီနေပြီး နိုင်ငံတိုင်းတွင် ကာယအား၊ ဉာဏအားဖြင့် အလုပ်သမားများက အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်လျက်ရှိရာ အလုပ်သမားအင်အားထုကြီးအား ဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေး၊ သင့်တင့်မျှတသော လုပ်ငန်းခွင်ဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရေးတို့အတွက် အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသည့် အလုပ်သမားရေးရာအငြင်းပွားမှုများကို အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးယန္တရားဖြင့် ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဦးစီးဌာနဖွဲ့စည်းမှုနှင့် ဥပဒေပြဋ္ဌာန်းမှု
အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခင်ဗဟိုဝါဏိဇ္ဇပဋိပက္ခမှု ကော်မတီရုံးကို အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအဖြစ် ၁-၃-၂၀၁၂ ရက်နေ့တွင် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အလုပ်ရှင်၊ အလုပ်သမားအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သည် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုအား တရား မျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင် စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက စည်းကြပ်ဆောင်ရွက်လျက်ရှိသည်။
အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းမှုအခြေအနေများ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ၃၇၃၄ ခု၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ၃၂၅ ဖွဲ့၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့ ၁၅ ဖွဲ့၊ ခုံသမာဓိကောင်စီတစ်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ တာဝန်ခံအရာရှိများသည် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များနှင့် ခုံသမာဓိအဖွဲ့များတွင် အတွင်းရေးမှူးများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ခုံသမာဓိ ကောင်စီတွင် ယင်းဦးစီးဌာနရှိ ဝန်ထမ်းများက ရုံးလုပ်ငန်းများကို အထောက်အကူပြု ဆောင်ရွက် ပေးလျက်ရှိသည်။
အငြင်းပွားမှုအမျိုးအစားများ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ လုပ်ငန်းခွင်အတွင်းဖြစ်ပွားသည့် အလုပ် သမားရေးရာအငြင်းပွားမှုများအနက် ဥပဒေပါ ရပိုင်ခွင့်နှင့်သက်ဆိုင်သည့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်သည့် ဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးပြီး အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေးယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆွေးနွေးစေခြင်းနှင့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလုပ်သမားရေးရာ အငြင်းပွားမှုများအား လုပ်ငန်းခွင်အဆင့် ကနဦး ဆွေးနွေးညှိနှိုင်းကြသည့်အတွက် လုပ်ငန်းခွင် အေးချမ်းသာယာမှုရှိပြီး ကုန်ထုတ်လုပ်မှုတိုးတက် လျက်ရှိသောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် လျက်ရှိကြောင်းတွေ့ရှိရသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် လုပ်ငန်းခွင်အဆင့် အပြန်အလှန်ဆွေးနွေး ညှိနှိုင်းသည့် Bipartite စနစ် အလေ့အထကောင်းများ ဖန်တီးဖော်ဆောင်နိုင်ရန်အတွက် အားပေးတိုက်တွန်းလျက်ရှိသည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၃ အရ အလုပ်ရှင်၊ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း ကနဦးဆွေးနွေးညှိနှိုင်းနိုင်ရေး အလုပ်သမား ၃၀ နှင့်အထက် အလုပ်လုပ်ကိုင်နေ သောလုပ်ငန်းများတွင် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (Workplace Coordinating Committee - WCC) ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ဖွဲ့စည်းရန်ပျက်ကွက်ပါက ပုဒ်မ ၄၆(ခ)အရ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်း အထိ ငွေဒဏ်ချမှတ်ခံရမည်ဖြစ်ပြီး ထပ်မံကျူးလွန် ပါက ပုဒ်မ ၄၆-က(ခ)အရ အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည့်အတွက် ဥပဒေအရ သတ်မှတ်အလုပ်သမားဦးရေရှိသည့် လုပ်ငန်း များအနေဖြင့် WCC ကို မဖြစ်မနေဖွဲ့စည်းရန် လိုအပ်သည်။
ထိုသို့ဖွဲ့စည်းနိုင်ရေးအတွက် အလုပ်သမား အဖွဲ့အစည်းရှိပါက အဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီနှင့် အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင်ကိုယ်စားလှယ်များဖြင့် လည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းမရှိလျှင် အလုပ်သမားများက ရွေးချယ်ပေးသော အလုပ် သမားကိုယ်စားလှယ် သုံးဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ် သုံးဦးဖြင့်လည်းကောင်း ဖွဲ့စည်းရမည် ဖြစ်သည်။ သတ်မှတ်အလုပ်သမားဦးရေ ၃၀ မပြည့်မီသည့် လုပ်ငန်းများတွင် WCC ဖွဲ့စည်းနိုင် ခြင်းမရှိသော်လည်း လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုပြုနိုင်သည်။
လက်ရှိကာလ၌ အလုပ်သမား ၃၀ နှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံ ၃၉၁၇ ရုံတွင် WCC ၃၇၃၄ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်သည်။
အလုပ်ရှင်၊ အလုပ်သမားအကြား လုပ်ငန်းခွင်အတွင်း ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်သည့် အလေ့အထအားကောင်းလာခြင်း၊ ကောင်းမွန်သောလုပ်ငန်းခွင်ဆိုင်ရာ ရလဒ်များ ရရှိနိုင်ခြင်း၊ မြို့နယ်အဆင့်သို့ တိုက်ရိုက်တင်ပြ တိုင်ကြားသော အငြင်းပွားမှုများ လျော့ကျနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အပြန်အလှန် ယုံကြည်မှုတိုးတက်စေပြီး အလုပ်သမားများအတွက် လုပ်ငန်းခွင်ပျော်ရွှင်မှုရှိခြင်းဖြင့် ထုတ်ကုန်များကို ပိုမို ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ အလုပ်ရှင်များအနေဖြင့်လည်း လုပ်ငန်းအကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အလုပ်ရှင်များအနေဖြင့် အလုပ်သမား ၃၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် WCC အဖွဲ့များ မဖြစ်မနေ ဖွဲ့စည်းထားရှိပေးရန် လိုအပ်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို အခွင့်အရေး ဆိုင်ရာအငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်ကို တွေ့ရှိရကြောင်း၊ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာဦးစီးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် နစ်နာသူက လျှောက်ထားတောင်းဆိုနိုင်ပြီး အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် ဖျန်ဖြေ၍ ပြေလည်မှုရရှိပါက နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုပြီး ပြေလည်မှုမရပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီအဆင့်ဆင့်တို့က စစ်ဆေးဆုံးဖြတ်ပေးလျက်ရှိသည်။
အခွင့်အရေးဆိုင်ရာအငြင်းပွားမှုများအား ဆောင်ရွက်နိုင်မှုအခြေအနေများ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၁၂ (ခ) အရ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီတွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အကျုံးမဝင်သည့် အငြင်းပွားမှုများ၊ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ စုပေါင်းသဘောတူညီချက်ကို လိုက်နာ မှုမရှိ၍ တိုင်ကြားလာသည့် အချက်များသည် တည်ဆဲအလုပ်သမားဥပဒေပါ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာနများ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထား နိုင်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၂၃ အရ အလုပ်ရှင် သို့မဟုတ် အလုပ် သမား တစ်ဖက်ဖက်သည် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့်စပ်လျဉ်း၍ မကျေနပ်သူကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ် ဖြင့်ဖြစ်စေ သက်ဆိုင်ရာဦးစီးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်သည်။
အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများအား ဆောင်ရွက်နိုင်မှုအခြေအနေများ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၂၄ အရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေပေးပြီး ပြေငြိမ်းမှုရရှိပါက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း ပြေငြိမ်းမှုရရှိအောင် ဖျန်ဖြေ ခြင်းမပြုနိုင်သည့်အခါ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးက ဆက်လက်ဖျန်ဖြေပေးစေလိုကြောင်း တောင်းဆိုလျှင် ပြေငြိမ်းမှုရသည်အထိ ဖျန်ဖြေပေးနိုင်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၂၆ အရ ပြေငြိမ်းမှုမရသည့်အချက်များ အပေါ် သုံးသပ်အကြံပြုချက်ပါဝင်သော အသေးစိတ် အစီရင်ခံစာနှင့်အတူ အမှုတွဲအား တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာခုံသမာဓိ အဖွဲ့သို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၂၇ အရ သက်ဆိုင်ရာခုံသမာဓိအဖွဲ့သည် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့က လွှဲအပ်သော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအား လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည် ဖြစ်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၂၈ အရ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများသည် ခုံသမာဓိ အဖွဲ့၏ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူတစ်ဖက်ဖက်မှ လျှောက်ထားနိုင်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၃၁ အရ ခုံသမာဓိကောင်စီ၊ ခုံအဖွဲ့သည် လျှောက်ထားလာသည့် အငြင်းပွားမှုကို လက်ခံရရှိသည့်နေ့ရက်မှ ၁၄ ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေပုဒ်မ ၃၂ အရ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါက အငြင်းပွားမှုကို လက်ခံ ရရှိသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၃၄ အရ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဖက်အငြင်းပွားသူများက သဘောတူလျှင် သို့မဟုတ် အငြင်းပွားသူတစ်ဖက်ဖက်က သတ်မှတ်ကာလအတွင်း ခုံသမာဓိကောင်စီသို့ တင်ပြ လျှောက်ထားခြင်းမရှိလျှင် ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့မှစ၍ အတည်ဖြစ်ကြောင်း တွေ့ရှိ ရသည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၃၇ အရ အတည်ဖြစ်ပြီးသည့် ဆုံးဖြတ် ချက်တစ်ရပ်ကို အငြင်းပွားမှုနှင့် သက်ဆိုင်သူအားလုံး၊ အငြင်းပွားမှုတွင်ပါဝင်သော အလုပ်ရှင်၏ ဥပဒေအရ တရားဝင်ဆက်ခံသူများ၊ အငြင်းပွားမှု ဖြစ်ပွားသောအချိန်တွင် သို့မဟုတ် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် လုပ်ငန်းတွင် အလုပ်လုပ်ကိုင် နေကြသော အလုပ်သမားများအားလုံးက လိုက်နာ ရမည်ဖြစ်သည်။
အလုပ်မှရပ်စဲခံရသော အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ရှင်ကပေးရမည့် နစ်နာကြေး နှုန်းထားများကို ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၈၄/၂၀၁၅)ဖြင့် ၃-၇-၂၀၁၅ ရက်နေ့တွင် သတ်မှတ်ထုတ်ပြန်ခဲ့သည်။ အလုပ်ရှင်သည် အလုပ် သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ တစ်ဆက်တည်း လုပ်သက်ရှိသူ များအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေး မပါ)ဖြင့် အောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများ အတိုင်းပေးရမည်ဖြစ်သည် -
(က) လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ် မပြည့်ပါက နစ်နာကြေးလဝက်လစာ
(ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ် မပြည့်ပါက နစ်နာကြေးတစ်လစာ
(ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ် မပြည့်ပါက နစ်နာကြေးတစ်လခွဲစာ
(ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ် မပြည့်ပါက နစ်နာကြေးသုံးလစာ
(င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ် မပြည့်ပါက နစ်နာကြေးလေးလစာ
(စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ် မပြည့်ပါက နစ်နာကြေးငါးလစာ
(ဆ) လုပ်သက် ရှစ်နှစ်ပြည့်ပြီး ဆယ်နှစ် မပြည့်ပါက နစ်နာကြေးခြောက်လစာ
(ဇ) လုပ်သက် ဆယ်နှစ်ပြည့်ပြီး နှစ် ၂၀ မပြည့်ပါက နစ်နာကြေးရှစ်လစာ
(ဈ) လုပ်သက် နှစ် ၂၀ ပြည့်ပြီး ၂၅ နှစ် မပြည့်ပါက နစ်နာကြေးဆယ်လစာ
(ည) လုပ်သက် ၂၅ နှစ်နှင့်အထက်ရှိပါက နစ်နာကြေး ၁၃ လစာ
အလုပ်သမားရေးရာ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီတို့က အငြင်းပွားမှုဖြေရှင်းရေးယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၂ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များက အငြင်းပွားမှု ၁၁၀၀၃ မှုကို ညှိနှိုင်းပေးခဲ့ပြီး အလုပ်သမား ၁၃၈၃၃၈ ဦးအတွက် ငွေကြေးခံစား ခွင့် ကျပ်သန်း ၂၅၇၇၅ ဒသမ ၉၆၆၊ US$ 416271.72 နှင့် ဘတ် ၁၂၁၁၆၆ ခံစားခွင့်ရရှိစေခဲ့ကြောင်း၊ ခုံသမာဓိအဖွဲ့များက အငြင်းပွားမှု ၁၇၅၁ မှုကို စစ်ဆေးဆုံးဖြတ်ပေးခဲ့ပြီး အလုပ်သမား ၇၅၁၂ ဦးအတွက် ငွေကြေးခံစားခွင့် ကျပ်သန်း ၁၀၂၂ ဒသမ ၀၅၄ နှင့် US$ 11895 ခံစားခွင့်ရရှိစေခဲ့ ကြောင်း၊ ခုံသမာဓိကောင်စီက အငြင်းပွားမှု ၈၂၅ မှုကို စစ်ဆေးဆုံးဖြတ်ပေးခဲ့ပြီး အလုပ်သမား ၁၁၁၂၃ ဦးအတွက် ငွေကြေးခံစားခွင့် ကျပ်သန်း ၂၁၄၉ ဒသမ ၄၀၂ နှင့် US$ 112472.760 ခံစားခွင့် ရရှိစေခဲ့သည်။
လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အကြံပြုချက်များ
(က) စက်ရုံ၊ အလုပ်ရုံများတွင် WCC ဖွဲ့စည်းရန် လိုအပ်ပြီး အလုပ်သမားရေးရာ အငြင်းပွား မှုဖြစ်ပွားပါက အဆိုပါအဖွဲ့တွင် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များက နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်း (Bipartite Process) ကို ကနဦးလုပ်ဆောင်သင့်သည်။
(ခ) အလုပ်သမားများအနေဖြင့် မိမိတို့၏လိုလားချက်များကို ဥပဒေနှင့်အညီ တင်ပြရန်လိုအပ်သကဲ့သို့ အလုပ်ရှင်နှင့် စီမံခန့်ခွဲရေးကိုယ်စား လှယ်များဖြစ်သော HR များ၊ မန်နေဂျာများကလည်း အလုပ်သမားဥပဒေများကို လေးစားလိုက်နာရန် လိုအပ်သည်။
(ဂ) အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် တည်ဆဲ အလုပ်သမားဥပဒေများကို လေးစားလိုက်နာရန်လိုအပ်ပြီး ဥပဒေပါရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်သည်။
(ဃ) အလုပ်သမားများက ဥပဒေနှင့်အညီ တောင်းဆိုမှုများ ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် အသိပညာပေးဆွေးနွေးမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ပေးရန် လိုအပ်သည်။
(င) အလုပ်သမားဥပဒေများအား သိရှိနိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် ပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲများကို အလုပ်ရှင်၊ ၎င်း၏ စီမံခန့်ခွဲရေးကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ WCC ဝင်များ မဖြစ်မနေတက်ရောက်ရန် လိုအပ်သည်။
အလုပ်သမားရေးရာ ပြဿနာများနှင့်ပတ်သက်သည့် အလုပ်ရှင်၊ အလုပ်သမားများက နစ်နာချက်များအား တိုင်ကြားရာတွင် စက်ရုံ၊ အလုပ်ရုံတည်ရှိရာ မြို့နယ်များရှိ အလုပ်သမားဝန်ကြီးဌာန လက်အောက်မှ မည်သည့်ဦးစီးဌာန/ အဖွဲ့ရုံးများသို့ မဆို သွားရောက်၍ တိုင်ကြားနိုင်ကြောင်း သိရသည်။ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် နှစ်ဦး နှစ်ဖက် ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန်ယုံကြည်မှုနှင့် အပြုသဘောဆောင်၍ ငြိမ်းချမ်းစွာ လုပ်ဆောင်ခြင်း၊ အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ် သမားဥပဒေများနှင့်အညီ အကျိုးခံစားခွင့်များ မရရှိပါက မိမိတို့၏ အလုပ်ရှင်များထံ အေးချမ်းစွာတင်ပြ တောင်းဆိုရန်လိုအပ်ပြီး အလုပ်ရှင်ကလည်း အလုပ်သမားများ၏ တင်ပြချက်များကို လက်ခံ၍ နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ကြရန် လိုအပ်သည်။ နှစ်ဖက်ညှိနှိုင်း၍ ပြေလည်မှုမရရှိပါက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ ဖျန်ဖြေဆုံးဖြတ်ပေးမှုခံယူခြင်းကို လုပ်ဆောင်ပါက အလုပ်ရှင်၊ အလုပ်သမားများအကြား ပဋိပက္ခများလျော့နည်း၍ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ကာ ကုန်ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုနိုင်မည့်အပြင် လုပ်ငန်းခွင်အေးချမ်းသာယာလာမည်မှာ အမှန်ဧကန်ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။