လုပ်ငန်းခွင်အတွင်း စက်ပစ္စည်းများ စနစ်တကျ အသုံးပြုနိုင်ရန် တောင်သူများအား သင်တန်းပို့ချ

တောင်သူများလုပ်ငန်းခွင်အတွင်း စက်ပစ္စည်းသုံးစွဲရာတွင် စက်ပိုင်းဆိုင်ရာများသိရှိနားလည်ပြီး လုပ်ငန်းခွင် အဆင်ပြေ ချောမွှေ့စေရန်၊ အန္တရာယ်ကင်းရှင်းစေရန်နှင့် စက်ပစ္စည်းများ စနစ်တကျ အသုံးပြုနိုင်ရန် သင်တန်းပို့ချခြင်းကို ဒီဇင်ဘာ ၁၅ ရက်က ဖောင်းပြင်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးစိုးမင်းထွန်းက သင်တန်းပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  (GBS) ကုမ္ပဏီ မှ SERVICE တာဝန်ခံက တောင်သူများအနေဖြင့် စက်ပစ္စည်းသုံးစွဲရာတွင် ရည်ရှည်ကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းမှုစနစ်များ၊ စက်ပိုင်းဆိုင်ရာများ၏ လုပ်ဆောင်ချက်များ၊ စက်များကို စတင်မသုံးစွဲမီ လုပ်ဆောင်ရမည့် အချက်များနှင့် ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလျက်ရှိသော စက်ပစ္စည်း အမျိုးအစားများအား မိတ်ဆက်တင်ပြသည်။

 

သင်တန်းတွင် သင်တန်းသားတစ်ဦးက "ယခုလို သင်တန်းလာတက်ရတာ ကျွန်တော်တို့အနေနဲ့ အကျိုးကျေးဇူးတွေ အများကြီးရပါတယ်၊ အထူးသဖြင့်တော့ ခုလို မမြင်ဖူးသေးတဲ့ လယ်ယာသုံးကိရိယာတွေ သိခွင့်မြင်ခွင့်ရတော့ တောင်သူတွေအတွက် ပိုပြီးအဆင်ပြေပါတယ်၊ ခုဆို ကျွဲနွားတွေပဲ အများဆုံး အသုံးပြုနေကြတာ လုပ်ငန်းခွင် သိပ်မတွင်ကျယ်ဘူး၊ ဒီဒေသက တစ်ရာသီကို တစ်သီးပဲ စိုက်ကြရတာ၊ ရာသီဥတုကို မီအောင်စိုက်ကြရတာဆိုတော့ ခုလို စက်ကိရိယာတွေနဲ့ဆို အဆင်ပြေတာပေါ့၊ ပြီးတော့ စက်ပိုင်းဆိုင်ရာ သင်တန်းပါပေးတော့ ဝယ်ယူသုံးစွဲမယ့် သူတွေလည်း အဆင်ပြေပါတယ်၊ တကယ်လို့ စက်တွေကို အရစ်ကျနဲ့ရောင်းရင် တောင်သူတွေအားလုံး အသုံးပြုနိုင်မှာဖြစ်လို့ တောင်သူတွေ အနေနဲ့ရော ကုမ္မဏီအနေနဲ့ရော အဆင်ပြေနိုင်မှာဟု” ဒေသခံတောင်သူတစ်ဦးက ပြောသည်။

 

အဆိုပါ သင်တန်းပို့ချခြင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် GOOD BROTHERS' MACHENERIES CO; LTD တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တောင်သူများ လုပ်ငန်းခွင်အတွင်း စက်ပစ္စည်းများ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ သင်တန်းပို့ချခြင်းဖြစ်ကြောင်း သိရသည်။

 

(ဖောင်းပြင် ပြန်/ဆက်)