မကွေး၊ ၃ ဒီဇင်ဘာ
မကွေးဒေသတွင်းရှိ အသေးစားနှင့် အလတ်စား SME စီပွားရေးများမှာ ကိုဗစ်ကာလအတွင်း၌ လုပ်ငန်း လည်ပတ်မှုထက်ဝက်ကျော် ကျဆင်းသွားသည့် အခြေအနေရှိသော်လည်း အလုပ်သမားဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
SME လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ခေါက်ဆွဲခြောက် ၊ မုန့်ဖတ်ခြောက်လုပ်ငန်းမှာ မကွေးမြို့ပေါ်ထက် နယ်မြို့များနှင့် ကျေးရွာများသို့ အဓိကဖြန့်ချီလျက်ရှိရာ ကပ်ရောဂါကာလအတွင်း၌ လမ်းပမ်းဆက်သွယ်ရေးနှင့်အခြေအနေ အရပ်ရပ်ကြောင့် ထုတ်ကုန်များ၏ ထက်ဝက်ခန့်ကို လျှော့ချခဲ့ရသည်။
“ ကိုဗစ်ကာလမို့ အရာင်းအဝယ်အရမ်းကျလို့ စက်ရပ်ထားမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ထိခိုက်မှုတော့ ရှိတယ်။ ဒါပေမယ့် ဝန်ထမ်းတွေကပိုပြီး ထိခိုက်မှုရှိတယ်။ သူတို့က ကျွန်မတို့ရဲ့ ဒုတိယမိသားစုတွေ ၊ သူတို့ရဲ့နောက်မှာ မိသားစုဝင်တွေ ရှိနေတယ်။ စားဝတ်နေရေးက ဒီကာလမှာ အခက်အခဲ တော်တော်ဖြစ်ကြတယ်။ သူတို့အတွက်မကြည့်ဘဲနဲ့ ကိုယ့်ဆုံးရှုံးမှုအတွက် ရပ်ထားမယ်ဆိုရင် ပိုဆိုးသွားမှာ ” ဟု သိန်းသီတာခေါက်ဆွဲစက်မှ လုပ်ငန်းရှင်လူငယ်တစ်ဦးဖြစ်သူ မစောစန္ဒာလင်း က ရှင်းပြသည်။
ပွဲအခမ်းအနားများရှိစဉ်က ဝင်ငွေကောင်းခဲ့သော်လည်း ကိုဗစ်ကာလတွင် အလှူ၊ မင်္ဂလာဆောင်များ ရပ်နားထားရခြင်းကြောင့် လုပ်ငန်းရှင်ရော ဝန်ထမ်းများပါ အခက်အခဲဖြစ်ရကြောင်း၊ ဝန်ထမ်းများ အလုပ်လက်မဲ့မဖြစ်ရေးအတွက် ကပ်ရောကာကွယ်ရေးနည်းလမ်းများ အသုံးပြုကာ ဆိုင်ကိုဆက်ဖွင့်ထားရကြောင်း မကွေးမြို့မှ ချောစုဝေ အလှပြင်ဆိုင် ပိုင်ရှင် မခင်သန္တာအောင် ထံက သိရှိရသည်။
ကိုဗစ်ဒုတိယလှိုင်းတွင် စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်သို့ ရောင်းချစေခြင်းအပါအဝင် လုပ်ငန်းအားလုံးမှာ ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်ဆောင်ရခြင်းကြောင့် ဝန်ထမ်းအင်အားလျှော့ချရခြင်း ၊ ထုတ်ကုန်လုပ်ငန်းနှင့် စားသောက်ကုန်ရောင်းချမှု လျော့ကျခြင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရကြောင်း လုပ်ငန်းရှင်များထံက သိရှိရသည်။
ဇေယျတု(မကွေး)


