ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်လာသော အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ အများပြည်သူ အကျိုးစီးပွား ဖြစ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ကြသည်။ အစိုးရက မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ပေးပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများက အကောင်အထည်ဖော်ကြသည်။ ပြည်သူများကလည်း စောင့်စည်းရမည့်  ကျင့်ဝတ် စည်းကမ်းများဖြင့်  နေထိုင်လုပ်ကိုင်ပြီး မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရသည်။ ထိုလူ့အဖွဲ့အစည်းသည် စည်ပင်သာယာ၍ ထွန်းကားတိုးတက်မည်သာဖြစ်သည်။

 

အစိုးရဆိုသည်မှာ တိုင်းပြည်ကို တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့်  အဖွဲ့အစည်းဖြစ်သည်။ အစိုးရအဖွဲ့က ချမှတ်ပေးသည့် မူဝါဒများ၏ လုပ်ငန်းများကို အစိုးရဌာနမှ ဝန်ထမ်းအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ကြရသည်။ သက်တမ်းကာလအလိုက် အစိုးရများအနေဖြင့် အပြောင်း အလဲများရှိသော်လည်း ဝန်ထမ်းများမှာ ပြောင်းလဲခြင်းမရှိ ဆက်လက်အကောင် အထည်ဖော်ကြရသည်။ အစိုးရသက်တမ်းတစ်ခုတွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်း များနှင့်လုပ်ငန်းများကို မှတ်တမ်းတင်ထားပြီး ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများက အောင်မြင်အောင် ဆက်လက် အကောင်အထည်ဖော်ကြရသည်။

 

အသစ်တက်လာသည့် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏မူဝါဒများဖြင့် ဆက်လက်အကောင်အထည်ဖော်     ဆောင်ရွက်ရာတွင်    ယခင်အစိုးရအဖွဲ့ အဆက်ဆက်မှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ယူဆောင်ရွက်ကြသည်။ အစိုးရသက်တမ်းတစ်ခုတွင် နိုင်ငံတကာနှင့်ပတ်သက်သော စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များ ရှိမည်ဖြစ်သည်။ ၎င်းတို့ကို နောက်တက်လာမည့် အစိုးရကလည်း ၎င်းတို့မူဝါဒနှင့် ကိုက်ညှိလျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရသည်။  သို့မှသာ  နိုင်ငံတော်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။

 

ယနေ့နိုင်ငံတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တာဝန်ယူဆောင်ရွက်နေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေသည်။ ပြီးခဲ့သည့် အစိုးရနှင့် အစိုးရ အဆက်ဆက်က  ဆောင်ရွက်ခဲ့သည့်  စီမံကိန်းများကိုအခြေခံ၍ တတ်နိုင်သမျှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အကြောင်းကြောင်းကြောင့် ရပ်တန့်နေသည့် စီမံကိန်းနှင့် လုပ်ငန်းများကို ပြန်လည် ဆောင်ရွက်နိုင်ရေး တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး  ပြန်လည်စိစစ်၍  ဆောင်ရွက်သွား ကြရန်”ပြောကြားထားသည်။

 

ထို့အပြင် “လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် မိမိတို့လူမျိုးများ အနေဖြင့် အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေသည်ကို  တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း”ပြောကြားခဲ့သည်။   နိုင်ငံတော် အစိုးရအနေဖြင့်  တိုင်းပြည်တိုးတက် ကောင်းမွန်လာအောင်     ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင်     ပြည်သူလူထု လိုအပ်ချက်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ  လိုအပ်ချက်များ၊  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို  အတတ်နိုင်ဆုံး  ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက် လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများ    တိုးတက်အောင်မြင်မှုရှိ/မရှိ    ချိန်ထိုးသုံးသပ် ဆောင်ရွက်ကြရန်လိုသည်။ လုပ်ငန်းများ အောင်မြင်စေရန်အတွက် မရရအောင် ဆောင်ရွက်မည်ဆိုသည့် စိတ်ထားမွေးမြူ၍ ဆောင်ရွက်သွားမည် ဆိုပါက မျှော်မှန်းသည်ထက် ပိုမိုတိုးတက်အောင်မြင်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ထမ်းဆောင် နေသည့်ကာလအတွင်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရည်မှန်းထားသည့် မူဝါဒများ နှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရန် အစိုးရ၊ ပြည်သူအားလုံး လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။       

 

ကြေးမုံ