နေပြည်တော် မေ ၇

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့တွင် အမျိုးသား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ကိုယ်စား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ အခမ်းအနား တက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ကြသည်။ ယင်းနောက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားရာတွင် မန္တလေငလျင်ကြီးကြောင့် မြန်မာနိုင်ငံ တွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံ၊ ဆေးခန်း ပေါင်း ၃၅၀ ကျော် ပျက်စီးခဲ့ရပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှု အကူအညီများအား ဖိတ်ခေါ်ခဲ့ရာ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ ၂၈ ဖွဲ့ လာရောက်ကူညီပေးခဲ့ပြီး Samaritan’s Purse Inter-national Relief လည်း အပါအဝင် ဖြစ်ပါကြောင်း၊ Samaritan’s Purse ဆေးအဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွှေကြာပင်အားကစားကွင်း၌ ဧပြီ ၅ ရက်မှစတင်၍ ယာယီ ဆေးရုံဖွင့်လှစ်ကာ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပြင်ပလူနာအပါအဝင် လူနာစုစုပေါင်း ၅၀၀၀ ကျော်အား အရေးပေါ်ခွဲ စိတ်ကုသခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု ၅၀၀၀ အတွက် ဆိုလာမီးများ၊ ရေသန့်စက်များ၊ အိမ်ထောင်စုသုံးပစ္စည်းများ အစရှိသည်တို့ကို ထောက်ပံ့ ပေးခဲ့ပါကြောင်း၊ Samaritan’s Purse အဖွဲ့သည် ရွှေကြာပင်အားကစား ကွင်းရှိ အရေးပေါ်ဆေးကုသမှု ဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သလို ပုံမှန် ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဒဏ်ရာရလူနာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း လစ်ဟင်းမှုမရှိအောင် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကူးစက်ရောဂါ ဖြစ်ပွားမှုများမရှိစေရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် Samaritan’s Purse International Relief အဖွဲ့မှ အဖွဲ့ခေါင်းဆောင် မစ္စတာ ဂျွန်မေလ်တန်နှင့် ဆေးရုံအုပ်ချုပ်မှု ဒါရိုက်တာ မစ္စတာ ပီတာဟော့ဇ်တို့က Samaritan’s Purse ဆေးအဖွဲ့ ၏ မြန်မာနိုင်ငံတွင် ငလျင်တုံ့ပြန်ရေး အရေးပေါ်ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အရေးပေါ်ဆေးရုံလွှဲပြောင်းပေးအပ်မည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် Samaritan’s Purse International Relief ဆေးအဖွဲ့မှ ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးရုံ ကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။

 

Samaritan’s Purse International Relief အဖွဲ့အနေ ဖြင့် ဧပြီ ၅ ရက်မှ မေ ၆ ရက် အတွင်း ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် အားကစားကွင်းရှိ အရေးပေါ်ဆေးကုသမှုဆေးရုံ တွင် ခွဲစိတ်ကုသမှုပေါင်း ၃၀၃ ခု၊ လူနာပေါင်း ၅၈၁၃ ဦးအား ကုသမှုပေးခဲ့ပြီး ယခုလှူဒါန်းလွှဲပြောင်းပေးခဲ့သော အရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်များ၊ အရေးပေါ် ခွဲစိတ်ခန်းများ၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ ရေသန့်စင်စနစ်များ ပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

 

သတင်းစဉ်