ကလေး၊ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ထိခိုက်သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း အဆ(၅၀)အတွက် ကျပ် (၁၅၀၀၀၀၀၀) (ကျပ်တစ်ရာ့ငါးဆယ်သိန်းတိတိ) ပေးအပ်သည့် အခမ်းနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် အစည်းအဝေးခန်းမ၌ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ရှိသူများက သေဆုံးသူ ဦးအောင်မျိုးနိုင်၏ ဇနီးမှ အထူးကိုယ်စားလှယ် လွှဲအပ်ခံထားရသူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလေးမြို့နယ် လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်ကြည်ကြည်လွင်မှ လုပ်ငန်းခွင်ထိခိုက်မှုအရ အကျိုးခံစားခွင့် ထုတ်ပေးရခြင်းအကြောင်းနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းမှ ကျန်ရစ်သူ အကျိုးခံစားခွင့်များကို သေဆုံးသူ ဦးမျိုးအောင်နိုင်၏ ဇနီးဖြစ်သူမှ အထူးကိုယ်စားလှယ် လွှဲအပ်ခံထားရသူ ဦးအောင်မြင့်သန်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့စည်းများမှ တာဝန်ခံအရာရှိများ၊ ကလေးမြို့ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဌာနဆိုင်ရာတာဝန်ခံများ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သေဆုံးသူမှာ ကလေးမြို့၊ ကလေးခရိုင် လျှပ်စစ်အင်ဂျင်နီယာဌာနတွင် တာဝန်ထမ်းဆောင်၍ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား အလုပ်သမားတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ခရိုင်လျှပ်စစ်ရုံးဝန်းအတွင်း အမည်မသိ သေနတ်ကိုင်ဆောင်သူ (၂)ဦးမှ ပစ်ခတ်ခြင်းခံခဲ့ရ၍ အလုပ်တွင်ထိခိုက်မှုအရ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားအနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်အဖြစ် အသုဘစရိတ်တွင် ငွေကျပ်(၁၅)သိန်းနှင့် ယခုငွေလုံးငွေရင်း ကျပ် သိန်း(၁၅၀၀၀၀၀၀)ကို ခွင့်ပြုထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနမှ သိရသည်။
မောင်ကျော်(ပြန်/ဆက်)