လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ အခက်အခဲ အနေနဲ့ ထူးထူးခြားခြား ရှိလိမ့်မယ်လို့ မထင်ပါဘူး

နေပြည်တော် ၃၀ ဇန်နဝါရီ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အချိတ်အဆက်မိစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာယီလက်ခံရေး စခန်းနှင့် ကြားစခန်းတို့တွင်  ပြန်လည် လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ငါးခူရ ယာယီလက်ခံရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က “နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ဦးစီးဌာန အနေနဲ့ လုံခြုံရေးအပိုင်း စစ်ဆေးပြီးတဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့ဆီကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိလာတဲ့အခါမှာ နှစ်နိုင်ငံသဘော တူညီချက်အရ လက်ခံထားတဲ့ နေရပ်စွန့်ခွာသွားသူတွေရဲ့ စာရင်းကို နိုင်ငံခြားရေးကနေတစ်ဆင့် ကျွန်တော်တို့ ဝန်ကြီးဌာနကနေ အတည်ပြုထားတဲ့ လက်ခံရမယ့် စာရင်းနဲ့ ပါလာတဲ့သူတွေ မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပါမယ်။

စစ်ဆေးပြီး မှန်ကန်တဲ့အခါမှာ သူတို့ဆီက စာရင်းဇယား အချက်အလက်တွေ ကောက်ယူပြီးတော့ မှတ်တမ်းတင်ပါမယ်။ မိသားစုဓာတ်ပုံ ရိုက်ပါမယ်။ Bio metric အချက်အလက်တွေ ကောက်ယူပါမယ်။ ဒီလိုကောက်ယူပြီးရင် National Verification process အရ NV card ထုတ်ပေးရေးကို တစ်ခါတည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပြီး သူတို့ရဲ့ လက်ဝယ်ကို NVcard တွေ အပြီးထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပေးပြီးရင် သူတို့အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံသား ဖြစ်/ မဖြစ်ကို စိစစ်ခံယူပြီး  မြန်မာနိုင်ငံသား အဖြစ်ကို ရရှိလိုတယ်ဆိုရင် မြန်မာနိုင်ငံသား ဥပဒေအရ လျှောက်ထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ အခက်အခဲ အနေနဲ့ ထူးထူးခြားခြား ရှိလိမ့်မယ်လို့ မထင်ပါဘူး၊ ကျွန်တော်တို့ ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

MDN