မန္တလေး ၉ မေ
တစ်နှစ်ကျော်အတွင်း တရားမဝင်ကုန်စည် ကူးသန်းရောင်းဝယ်မှု ငွေကျပ် သန်းပေါင်း ရှစ်ထောင်နီးပါး တန်ဖိုးရှိ ပစ္စည်းများ ဖမ်းဆီးရမိကြောင်း အကောက်ခွန်ဦးစီးဌာန၊ လှုပ်ရှားစစ်ဆေးရေးအဖွဲ့မှ သိရသည်။

အကောက်ခွန်ဦးစီးဌာန၊ လှုပ်ရှားစစ်ဆေးရေးအဖွဲ့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကုန်သွယ်မှုလမ်းကြောင်း စစ်ဆေးရးဂိတ်များကို ရှောင်ကွင်းပြီး တရားမဝင် ကူးသန်းရောင်းဝယ်မှုများအား တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိသည်။

“တရားမဝင် ကုန်သွယ်မှုကနေ တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရောက်ရှိဖို့ လိုပါတယ်။ နိုင်ငံရဲ့ သယံဇာတ ပစ္စည်းများ သစ်နဲ့ သစ်တောထွက်ပစ္စည်းများ၊ ကန့်သတ်ကုန်စည်တွေ တင်ပို့တာတွေ မရှိဖို့၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း စတာတွေ နိုင်ငံအတွင်း ဝင်မလာအောင် တားဆီးတာ ဖမ်းဆီးတာပါ” အကောက်ခွန်ဦးစီးဌာန လှုပ်ရှားစစ်ဆေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကောက်ခွန်ဦးစီးဌာန၊ လှုပ်ရှားစစ်ဆေးရေး အဖွဲ့ကို စတင်ဖွဲ့စည်းသည့်အချိန်မှ စတင်ပြီး မေလဆန်းပိုင်းအထိ တရားမဝင် ကူးသန်းမှုပေါင်း ၂၆၁ မှု ဖမ်းဆီးရမိပြီး ငွေကျပ်သန်းပေါင်း ၇၉၈၂ သန်းကျော်ရှိကြောင်းသိရသည်။
တရားမဝင် ကုန်စည် ကူးသန်းရောင်းဝယ်မှုများကို မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ မြဝတီ-ဘားအံ-ရန်ကုန် ကုန်သွယ်မှု လမ်းမကြီးများ၊ ရန်ကုန်ဘူတာကြီးနှင့် လမ်းဘူတာများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုများတွင် ဘေထုတ်များ၊ အခွန်ပေးဆောင်ထားခြင်း မရှိသော သကြားများ၊ အမိုနီယမ်နိုက်ထရိတ်များ၊ ဆိုဒီယံဆိုင်ရာနိုက်များ၊ FDA ရရှိထားခြင်း မရှိသော စားသောက်ကုန်များ၊ ဆိုင်ကယ်အပိုပစ္စည်း၊ ကားတာယာနှင့် အပိုပစ္စည်း၊ ဓါတ်မြေသြဇာများ၊ ကျောက်စိမ်းများ၊ လက်ကိုင်ဖုန်းများနင့် အဝတ်အထည်များစသည့် အမျိုးပေါင်း၁၃ မျိုးကျော်ရှိကြောင်း သိရသည်။
တရားမဝင် ကုန်စည်များကို တားဆီးစစ်ဆေး ဖမ်းဆီးတဲ့အခါ ပစ္စည်းပိုင်ရှင် ရှေ့တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့မှ တန်ဖိုးဖြတ်ခြင်း ဆောင်ရွက်သည်။ အကောက်ခွန်ဦးစီးဌာနမှ ချမှတ်တဲ့ အမိန့်/ဆုံးဖြတ်ချက် တစ်စုံတရာ အပေါ်တွင် နစ်နာသည်ဟု ယူဆပါက အခွန်အယူခံရုံးကို တင်ပြပြီး အယူခံဝင်နိုင်သည်ဟု သိရသည်။
အကောက်ခွန်လှုပ်ရှား စစ်ဆေးရေးအဖွဲ့ စစ်ဆေးဖမ်းဆီးခြင်းနှင့် ပတ်သက်လို့ အွန်လိုင်းရှော့ပင် ပြုလုပ်နေသူ တစ်ဦးက ‘တရားမဝင် ကုန်စည်ဆိုတာ ဘယ်လို ကုန်စည်လဲဆိုတာ ပြည်သူတွေ သိအောင် ထုတ်ပြန်သင့်တယ်။ နောက်ပြီး ပြည်ပရောက်လို့ လက်ဆောင်ဝယ်လာတဲ့ ပစ္စည်းတွေဆိုရင်ရော ဖမ်းတာပဲလား။ အရေအတွက် ဘယ်လောက်ဆိုရင် ဖမ်းတယ်ဆိုတာတွေကို ပြည်သူတွေသိအောင် အရင်ဆုံး ဆောင်ရွက်သင့်တယ်’ဟု အကြံပြုပြောဆိုသည်။
အိမို့မို့ခိုင်
Photo - လှုပ်ရှားစစ်ဆေးရေးအဖွဲ့