၁၁  ဇွန်

 

၁၉၆၇ ခုနှစ်က မန္တလေးမြို့ စိန်ဂျိုးဇက်ကွန်ဗင်(ယခုအ.ထ.က-၈ မ္တလေးမြို့)တွင် ကျွန်မ အဆောင်နေစဉ်က သက်ကြီး တက္ကသိုလ်ဆိုတာကို စကြားဖူးခဲ့သည်။ ကျွန်မတို့၏ အဆောင်ဆရာမက ညနေဘက်တိုင်း သက်ကြီးတက္ကသိုလ်သို့ သွားတက်သည်ကို ကျွန်မသိခဲ့သည်။ ညမိုးချုပ်မှကျောင်းကို ပြန်ရောက်လာသည်။

 

၁၉၇၄ခုနှစ်တွင် ဝိဇ္ဇာနှင့်သိပ္ပွံတက္ကသိုလ် ရန်ကုန်မြို့မှ ရူပဗေဒအဓိကဘာသာဖြင့် ကျွန်မဘွဲ့ရခဲ့သည်။ နောက်ဆုံးနှစ်တွင် ဂုဏ်ထူးလေးခုဖြင့် အထူးအောင်မြင်ခဲ့သည်။ ၁၉၇၄-၇၅ ခုနှစ် စာသင်နှစ်တက္ကသိုလ်များပြန်ဖွင့်ချိန် အောက်တိုဘာလတွင် လုပ်သားများကောလိပ်”(ယခုအခါ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ ဗိုလ်တထောင်) ရူပဗေဒဌာနတွင် အချိန်ပိုင်းသရုပ်ပြဆရာမ အလုပ်ရသည်။ လုပ်သားများကောလိပ် ရူပဗေဒဌာနမှူးက လူကိုမတွေ့ဖူးပေမယ့် ကျွန်မ၏ နောက်ဆုံးနှစ်အမှတ်စာရင်းပူးတွဲပါသော လျှောက်လွှာကိုကြည့်ပြီး အချိန်ပိုင်းသရုပ်ပြဆရာမခန့်အပ်ခဲ့သည်။

 

သက်ကြီးတက္ကသိုလ်(သို့) လုပ်သားများကောလိပ်

 

U SAN SHWE M.A Cantab

F.R.G.S.BAR-AT-LAW

BORN-1882

PRINCIPAL

Membership For Adult Education

1948-1964

 

ဟု ကမ္ပည်းထိုးထားသည်ကို တွေ့မြင်ရသည်။ ၁၉၆၄ ခုနှစ် နောက်ပိုင်းတွင် သက်ကြီးတက္ကသိုလ် မှ လုပ်သားများ ကောလိပ်အမည်ကို ပြောင်းခဲ့သည်ဟု သိရသည်။လုပ်သားများကောလိပ်သို့ တက်ရောက်ခွင့်ရရန်မှာ တက္ကသိုလ်ဝင်တန်းကို A List မှ အောင်မြင်ရမည်။ လက်ရှိ အစိုးရဌာနများတွင် အလုပ်လုပ်နေသူများဖြစ်ရမည်။ တနင်္လာမှ သောကြာနေ့အထိ ညနေပိုင်း ၅ နာရီခွဲမှ ည ၉ နာရီအထိသာ တက်ရောက်ကြရသည်။

 

ညဘက်အချိန်ပိုင်းသင်ယူကြ

 

ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ နည်းပြသရုပ်ပြ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခဆရာကြီးများက ညဘက်အချိန်ပိုင်း လာရောက်သင်ကြားပေးခြင်းဖြစ်သည်။ နေ့ကျောင်းတက်ရခြင်းနှင့် ညပိုင်းကျောင်းတက်ရခြင်း သာကွာခြားသည်။ ညဘက်စာသင်ချိန်နည်း၍ နေ့ကျောင်းက လေးနှစ်သင်ဘွဲ့ရပြီး လုပ်သားများကောလိပ်က ငါးနှစ်သင်မှဘွဲ့ရသည်။ သိပ္ပံဘာသာဖြစ်သော ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ရုက္ခဗေဒ၊ သတ္တဗေဒဘာသာရပ်များအတွက် လက်တွေ့လုပ်ဆောင်ချက်များကို ရုံးပိတ်ရက်တနင်္ဂနွေနေ့တိုင်း ပင်မတက္ကသိုလ်ရှိဌာနကြီးများတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အချိန်အသီးသီးခွဲပြီး လုပ်ဆောင်ကြရသည်။

 

ဆရာနှင့် ကျောင်းသား အချိန်နှင့်တစ်ပြေးညီ စာတွေ့၊ လက်တွေ့ နေ့ကျောင်းတက်သူများအတိုင်း သင်ကြားရသဖြင့် လုပ်သားများကောလိပ်တက်သူကျောင်းသား ကျောင်းသူများ စာတတ်သည်။ စာကြိုးစားကြသည်။ နေ့ကျောင်းသားများထက် အလုပ်ခွင်တွင်လည်း အလုပ်လုပ်နေရတော့ ရုံးစည်းကမ်း၊ ရုံးလုပ်ငန်းများလည်း တတ်ကျွမ်းသည်။ အချိန်ကိုလည်းတန်ဖိုးထားလေးစားသည်။ မိမိထက်ရာထူးကြီးသူ အထက်လူကြီးများ၏ ဆုံးမစကားကိုလည်း လေးစားလိုက်နာကြသည်။ ဆရာကို ရိုသေသည်။

 

အလုပ်တစ်ဖက်နှင့် ပညာဆည်းပူး

 

အလုပ်တစ်ဖက်နှင့် ပညာလိုချင်၍ ပညာဆည်းပူးသူများဖြစ်ကြတော့ ညကျောင်းလည်းမှန်မှန်လာတက်သည်။ လက်တွေ့လည်း မှန်မှန်လာလုပ်ကြသည်။ အလုပ်တစ်ဖက်နှင့် ပညာသင်ယူရတော့ နေ့ကျောင်းတက် ကျောင်းသားများထက် စာပိုကြိုးစားကျိုးနွံကြသည်။ လူတော်လူကောင်းများထွက်သည်။ နောက်ဆုံးနှစ်တွင် ထူးချွန်စွာအောင်မြင်ကြပြီး တချို့ကျောင်းသားများမှာ တက္ကသိုလ် ဆရာ ဆရာမဖြစ်သွားကြသူများရှိသည်။

 

ကျွန်မ လုပ်သားများကောလိပ် ရူပဗေဒဌာနတွင် အချိန်ပိုင်း သရုပ်ပြဆရာမအလုပ်ရတော့ တနင်္ဂနွေနေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီခွဲအထိ လက်တွေ့သုံးချိန်ဝင်သင်ပေးရသည်။ ထိုအချိန်က လုပ်သားများကောလိပ် ကျောင်းသား ကျောင်းသူများမှာ ကျွန်မထက် အသက်ကြီးသူများ ဖြစ်သည်။ တချို့ကျောင်းသားကြီးများမှာ ၁၀ တန်းကို အောင်မြင်ပြီးနောက် စက်မှုလက်မှုသိပ္ပံ(GTI)ကို တက်ရောက်အောင်မြင်ထားပြီးမှ အလုပ်ဝင်သူများဖြစ်သည်။ နောက်မှ B.Sc(Phys)ဘွဲ့ ရယူချင်တော့ လာတက်ကြသည်။ တကယ်တော့ တချို့လက်တွေ့ကို သူတို့ပိုပြီးတတ်ကျွမ်းသည်။ ဒါပေမယ့် သူတို့ထက် အသက်ငယ်သောဆရာမ ကျွန်မကိုလေးစားသည်။ ကျွန်မကလည်း ဆရာမငယ်ဖြစ်ပေမယ့် လုပ်သားများ၊ ကောလိပ်ကျောင်းသားကြီးများကို ပြန်လေးစားသည်။ အချိန်ပိုင်း နှစ်နှစ်လုပ်ပြီးချိန် ၁၉၇၆ ခုနှစ်တွင် တိုင်းကောင်စီက ကြီးမှူးဖွင့်လှစ်သော ဒေသကောလိပ်များ တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လာသည်။

 

လုပ်သားများကောလိပ်တည်နေရာတွင် နေ့ဘက် အမှတ်(၁) ဒေသကောလိပ် ရန်ကုန်ကိုဖွင့်သည်။ ညဘက်လုပ်သားများ ကောလိပ်ကို ဖွင့်နေသည်။အမှတ်(၁) ဒေသကောလိပ်၊ ရူပဗေဒဌာနတွင် အချိန်ပြည့်ဆရာ လျှောက်ခဲ့ပေမယ့် အချိန်ပိုင်းသာ ကျွန်မရခဲ့သည်။ ကျွန်မ လုပ်သားများကောလိပ်တွင် အချိန်ပိုင်းမလုပ်ဖြစ်ခဲ့တော့ပါ။ ခြောက်လလုပ်ပြီးချိန် အမှတ်(၁) ဒေသကောလိပ်တွင် အချိန်ပြည့် သရုပ်ပြဆရာမ ဖြစ်သွားသည်။ ၁၉၈၂ ခုနှစ်စာသင်နှစ်အစတွင် လုပ်သားများကောလိပ်က ဒေသကောလိပ်(၁) ရူပဗေဒဌာနမှ အချိန်ပိုင်းဆရာခေါ်သည် ကြားတော့ လုပ်သားများ ကောလိပ်၊ ရူပဗေဒဌာနမှူးဆရာကြီး ဦးတင်အုန်း (ကွယ်လွန်)ထံ သွားရောက်တွေ့ဆုံသည်။ ဆရာကြီးက

 

မင်းကဘာကြောင့် အချိန်ပိုင်းဆက်မလုပ်ဘဲ အခုမှ ပြန်လာရတာလဲ

 

ဒေသ(၁)က ဆရာတွေခေါ်တော့ အချိန်ပြည့်ရမယ်ထင်ပြီး သွားလျှောက်ခဲ့ပါတယ်။ အချိန်ပိုင်းပဲရတော့ အချိန်ပိုင်းနှစ်ခု လုပ်ခွင့်မရှိပါဆိုတဲ့အတွက် လာမလုပ်ဖြစ်တာပါ။ အခုအချိန်ပိုင်းဆရာတွေ ခေါ်တယ်ကြားလို့ ဆရာကြီးကို လာတွေ့ရတာပါ

 

ဆရာကြီးကောင်းမှုကြောင့် ရူပဗေဒတစ်ဌာနလုံးမှာ ကျွန်မတစ်ယောက်တည်းသာ အချိန်ပိုင်းလုပ်ခွင့်ပြန်ရသည်။ နောက်နှစ်များတွင်တော့ ဆရာလိုအပ်ချက်များကြောင့် အခြားသူများလည်း လုပ်သားများကောလိပ် ရူပဗေဒဌာနတွင် အချိန်ပိုင်းသရုပ်ပြဆရာ လုပ်ခွင့်ရကြသည်။ ၁၉၈၈ ခုနှစ် ကျောင်းပိတ်ပြီး ၁၉၉၁ ခုနှစ် ဧပြီလကျောင်းပြန် ဖွင့်ချိန် ကျွန်မ လက်ထောက်ကထိက ရာထူးတိုးပြီး ဘားအံဒေသ ကောလိပ်သို့ ပြောင်းရွှေ့ရပါသည်။

 

ဘားအံကောလိပ်တွင် နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၉၃ ခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်ပြောင်းရွှေ့ရပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ခေတ္တတာဝန်ထမ်းဆောင်ပြီး လုပ်သားများကောလိပ် ရူပဗေဒဌာနတွင် အချိန်ပြည့်ဆရာအဖြစ် တာဝန်ထမ်းဆောင်ရသည်။ ၁၉၉၆ ခုနှစ်တွင် ကထိကရာထူးရရှိခဲ့ပြီးနောက် လုပ်သားများကောလိပ် ရူပဗေဒဌာန မှူးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၉၆ ခုနှစ်မှ ၂၀ဝ၀ ပြည့်နှစ်အထိ ခေတ္တကျောင်းပိတ်ပြန်သည်။ ၂၀ဝ၀ ပြည့်နှစ် ဇွန်လကျောင်းဖွင့်ချိန် ဒုတိယအကြိမ် ကထိကရာထူးဖြင့်ပင် ဘားအံဒီဂရီကောလိပ်ကို ပြောင်းရပြန်သည်။

 

၂၀ဝ၄ ခုနှစ်အထိ သင်ကြားပေးခဲ့

 

၁၉၉၇-၁၉၉၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်သူများကို လုပ်သားများကောလိပ်က နောက်ဆုံးလက်ခံခဲ့ပြီး လေးနှစ်သင်အဖြစ် သတ်မှတ်သည်။ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀ဝ၄ ခုနှစ် အထိ လက်ခံသင်ပြီး ၂၀ဝ၄ ခုနှစ် နောက်ဆုံးနှစ်ပြီးသောအခါ လုပ်သားများကောလိပ်ကို မထားတော့ပါ။ အလုပ်လုပ်နေသူများ စာပေးစာယူသင်တန်း ယနေ့ခေတ်ခေါ် အဝေးသင်တက္ကသိုလ်သို့သာ တက်ကြရသည်။ ကျွန်မ ၁၉၇၄-၇၅ ခုနှစ် လုပ်သားများ ကောလိပ်အချိန်ပိုင်း သရုပ်ပြဆရာမလုပ်စဉ်က ကျောင်းအုပ်ကြီးမှာ ရူပဗေဒဌာနမှ ဆရာကြီးဦးကျော်မြသိန်းဖြစ်သည်။ ၁၉၉၃ ခုနှစ် လုပ်သားများ ကောလိပ်တာဝန်ပြန်ထမ်းဆောင်ချိန် ကျောင်းအုပ်ဆရာကြီးမှာလည်း ရူပဗေဒဌာနမှ ဆရာကြီး ဦးစန်းမောင်ဖြစ်သည်။ ဆရာကြီးဦးစန်းမောင် ပြောင်းသွားတော့ သင်္ချာဌာနမှ ဆရာကြီးဦးစွန်တီဖြစ်သည်။ ကျွန်မဘဝအစ တက္ကသိုလ်အချိန်ပိုင်းသရုပ်ပြဆရာမမှာ လုပ်သားများကောလိပ်ဖြစ်သည်။

 

ထို့ကြောင့် ကျွန်မလုပ်သားများကောလိပ်ကို သံယောဇဉ်ကြီးသည်။ ကျောင်းသူ ကျောင်းသားများကိုလည်း ချစ်သည်။ တက္ကသိုလ် အဝေးသင်ကျောင်းသားတွေကို စာသင်ကြားရတိုင်း၊ လုပ်သားများကောလိပ်ကျောင်းကြီး ပိတ်လိုက်သည်ကို နှမြောတမ်းတသတိရနေသည်။ အခုအချိန်မှာတော့ ကျွန်မအငြိမ်းစားတစ်ဦးဖြစ်နေပါပြီ။ ၁၂-၅-၂၀၁၉ ရက်တွင် ကြေးမုံသတင်းစာ၌ ရန်ကုန်တက္ကသိုလ် လုပ်သားများကောလိပ် ဝိဇ္ဇာနှင့်သိပ္ပံမေဂျာပေါင်းစုံ အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် ဖိတ်ကြားခြင်းကြော်ငြာစာကို ဖတ်ရသည်။ မည်သည့်အထူးပြုဘာသာ၊ မည်သည့်ခုနှစ်မဆို လုပ်သားများ ကောလိပ်ကျောင်းသား ကျောင်းသူများကို ဖိတ်ကြားထားသည်။ ၁၉၉၃-၁၉၉၆ ခုနှစ် ကျောင်းသားဟောင်းများက ဦးစီးသည်ကို တွေ့ရသည်။

 

လုပ်သားများကောလိပ်ကို မမေ့နိုင်ပြီ

 

သူတို့ကျောင်းသားတွေက ၁၅ နှစ်မက ပိတ်ထားခဲ့သည့် လုပ်သားများကောလိပ်ကျောင်းကြီးကို ပြန်ဖွင့်စေချင်ကြသည့် ဆန္ဒပြင်းပြနေသည်။ ကျောင်းသားဟောင်းများက ရာထူးကြီးတွေနှင့် အသက် ၄၀ ကျော် လူကြီးတွေဖြစ်နေကြပြီ။ လုပ်သားများ ကောလိပ်မေဂျာပေါင်းစုံ ကျောင်းသားအချင်းချင်း ပြန်လည်တွေ့ဆုံချင်သည်။ ဆရာကြီး ဆရာမကြီးများကို ပူဇော်ကန်တော့ချင်သည်။ လုပ်သားများ ကောလိပ်ကျောင်းသားဟောင်းများ ဆန္ဒပြည့်ကြပါစေဟု ဆုတောင်းမေတ္တာပို့ပါသည်။ လုပ်သားများ ကောလိပ်ကျောင်းကြီးကို အမှတ်တရ ပြန်လည်သတိရသောအားဖြင့် ရေးသားရခြင်းဖြစ်ပါသည်။ ကျွန်မဘဝမှာတော့ လုပ်သားများကောလိပ်ကို မမေ့နိုင်ပြီ။ ။

 

ခင်ယော(ရူပ)