လူ ၂၅၁ ဦးလိုက်ပါလာတဲ့ ဖိလစ်ပိုင်ရေယာဉ်တစ်စင်း နစ်မြုပ်၊လေးဦးသေဆုံး

မနီလာ  ၂၁ ဒီဇင်ဘာ

မြို့တော်မနီလာနဲ့မဝေးတဲ့ ကျွန်းတစ်ခုအနီးမှာ ကြာသပတေးနေ့က ရာသီဥတုဆိုးရွားမှုကြောင့် လူ ၂၅၁ ဦး လိုက်ပါလာတဲ့ ဖိလစ်ပိုင်ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့တယ်လို့ ကမ်းရိုးတန်းအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ နစ်မြုပ်မှုကြောင့် လူလေးဦးသေဆုံးပြီး လူ ၁၄၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကမ်းရိုးတန်းစောင့်လှေတွေနဲ့ စစ်ဘက်ရဟတ်ယာဉ်တွေဟာ ပီလီယိုကျွန်းအနီးဝန်းကျင်မှာ နေ့အလင်းရောင်ကို အားပြုပြီး ရှာဖွေမှုတွေပြုလုပ်နေပါတယ်လို့ ပြောခွင့်ရသူ အာမန် ဘာလီလိုက မီဒီယာတွေကို ပြောပါတယ်။ ပြည်တွင်း ရေဒီယိုတွေမှာ လူလေးဦးသေဆုံးပြီး ၁၄၀ ကယ်ဆယ်ခဲ့ပေမယ့် ဘာလီလိုကတော့ အတည်ပြုခြင်းမရှိပါဘူး။

ဖိလစ်ပိုင်ရဲ့ များပြားလှတဲ့ကျွန်းတွေကြားမှာ မတော်တဆမှုတွေလည်း မကြာခဏဖြစ်လေ့ရှိပါတယ်။ ကြာသပတေးနေ့က နစ်မြုပ်တဲ့ရေယာဉ်ဟာ ဝန်ပိုတင်ဆောင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဖိလစ်ပိုင် တောင်ပိုင်းမှာ သက်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးဒဏ်လေဒဏ်ကြားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

(MDN)

ကိုးကား-ရိုက်တာ