မန္တလေး  ၁၆ ဖေဖော်ဝါရီ

 

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် တရားဥပဒေစိုးမိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့ ၈၃ လမ်း၊ ၂၆ နှင့် ၂၇ လမ်းကြား ရတနာသီင်္ဂီဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၊ တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးဆိုင်ရာကော်မရှင်(ငြိမ်း) ဦးယူလွင်အောင်နှင့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော ရှေ့နေများအသင်း)တို့က ဆွေးနွေးခဲ့ကြသည်။

 

လူ့အခွင့်အရေးဆုံးရှုံးမှုမှာ ပထမအဆင့်က အမျိုးသမီးများ၊ ဒုတိယမှာ ကလေးသူငယ်၊ တတိယမှာ LGBT လို့ ကျား/မနဲ့ ပတ်သက်လို့ ခြုံပြောနိုင်တယ်။ အဲဒီနောက်မှာ လယ်ယာမြေ အခွင့်အရေးဆုံးရှုံးမှုတွေ ပါလာမယ်။ ကျမတို့ဆီ တက်လာတဲထဲမှာ အများဆုံး လယ်ယာမြေနဲ့ အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှုက အများဆုံးပါ။ အဓိက ရှေ့နေအခမဲ့ လိုက်ပေးတယ်ဟု ဒါရိုက်တာဖြစ်သူ မယမင်းဝါဝါမောင်က ပြောသည်။

 

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအနေဖြင့် လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြေရှင်းပေးရာတွင် အခမဲ့ ရှေ့နေလိုက်ပါပေးခြင်း၊ အကြံပေးခြင်း၊ ဌာနဆိုင်ရာတို့နှင့် ညှိနိုင်းဖြေရှင်းပေးခြင်း၊ လူအခွင့်အရေး အသိပညာပေးခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖွဲ့ဝင်များတွင် အခက်အခဲများ တွေ့ကြုံရကြောင်း၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများ ထိရောက်စွာကာကွယ်နိုင်ရန် ဌာနဆိုင်ရာ၊ တရားစွဲအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး နည်းမှန်လမ်းမှန်နဲ့ ကူညီဆောင်ရွက်နေကြောင်း သိရသည်။

 

အခွင့်အရေး ပြဋ္ဌာန်ချက်တွေ လိုက်နာမှုရှိလား၊ တခါတလေ ဥပဒေက ရည်ရွယ်ချက်ကောင်းပြီး မူဝါဒလည်း ကောင်းအောင် ရေးဆွဲဖို့လိုတယ်။ အလွန်အကျွံ အခွင့်အရေးပေးလို့လည်း မဖြစ်ဘူး။ လူအခွင့်အရေးပြောရင်းနဲ့ တစ်ဘက်သား အခွင့်အရေး ထိပါးမလားပေါ့။ လူအခွင့်အရေးဆိုတာ နစ်ဘက်စလုံးမျှတစွာရှိဖို့၊ ဥပဒေကလည်း မျှတမှန်ကန်ကောင်းမွန်ဖို့လိုတယ်”ဟု ဆွေးနွေးသူ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း လူ့အခွင့်အရေးအခြေပြု လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဥပဒေအထောက်အကူပေးသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ တရားဥပဒေစိုးမိုးမှု ပိုမိုရရှိနိုင်မည့် နည်းလမ်းကောင်းများ ဆွေးနွေးနိုင်ရန် ယခုလိုဆွေးနွေးပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ Justic For All အဖွဲ့က အခမဲ့ကူညီပေးနေပြီး အသိပညာပေး ဟောပြောပွဲများ ကျင်းပနေကြောင်း သိရသည်။

 

မေသက်ထား