နေပြည်တော် ၁၀ စက်တင်ဘာ 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။

 

4705

 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး အခြေခံသဘောတရားများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က အဓိကလူ့အခွင့်အရေးစာချုပ်ကြီး (၉)ရပ်ကို ဆွေးနွေးပြောကြားပြီး ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ကော်မရှင်ရုံး ဒုတိယညွန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူး ဦးသူရကျော်က ကော်မရှင်အနေဖြင့် တိုင်းကြားချက်များ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျင်းပခဲ့ကာ ပြည်သူလူထုများအကြား ပျံ့နှံရောက်ရှိစေရေးအတွက် လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ (၁၂)ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ မသန်စွမ်းသူများ အခွင့်အရေးနှင့် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ စသည့်ကဏ္ဍများကို ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်