ရန်ကုန် ဇန်နဝါရီ ၇

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(‌ဗဟို) အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အဖွဲ့ဝင်များအား လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ဘာသာပေါင်းစုံ၏ စုပေါင်းအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူတကွပူးပေါင်း ဆောင်ရွက်သွားမည်ဟူသော အဖွဲ့၏ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍လူ့ အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကို  ယနေ့မွန်းလွဲ ၂ နာရီတွင်  Esperado Lake View Hotel, Yangon ၌ ကျင်းပသည်။

 

ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(‌ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(‌ဗဟို)ဥက္ကဋ္ဌက လူ့အခွင့် အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေသည့်အတွက်  ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် က လူ့အခွင့်အရေး အခြေခံအယူအဆအကြောင်းနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့် ဆိုချက်များ၊ လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ၊ လူ့အခွင့်အရေး အမျိုးအစားများနှင့် လူ့အခွင့်အရေး ဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ပေါ်ပေါက်လာပုံနှင့် ကြေညာစာတမ်းပါ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး ရှင်းလင်းဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ထံမှ သိရသည်။

(သတင်းစဉ်)