နေပြည်တော်  ဖေဖော်ဝါရီ   ၁၁

 

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ပရဆေး ဥယျာဉ်ခြံရှိ တိုင်းရင်းဆေးပညာဦးစီး‌ဌာန ခန်းမဆောင်၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (‌နေပြည်တော်‌)ဥက္ကဋ္ဌ ဦးမျိုးအောင်တို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူ့အခွင့်အရေး အခြေခံ အယူအဆအကြောင်း၊ လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ၊ လူ့အခွင့်အရေး အမျိုးအစားများနှင့် လူ့အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ပေါ်ပေါက်လာပုံနှင့် ကြေညာစာတမ်းပါ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး‌ဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊ စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)