ရန်ကုန် ၂ အောက်တိုဘာ

 

အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ပူးပေါင်း၍ အာဆီယံအဖွဲ့ဝင် နိုင်ငံအများအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု လုပ်ဆောင်ရာတွင် သဟဇာတဖြစ်၍ လူ့အခွင့်အရေးကိုအခြေခံသော ချဉ်းကပ်ဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုနှင့်စပ်လျဉ်းသည့် ယေဘုယျသွင်ပြင် လက္ခဏာများဆိုင်ရာ ဒေသတွင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Professor Dr. Amara Ponsapich၊ အာဆီယံအစိုးရ အချင်းချင်းဆိုင်ရာ လူ့အခွင့်ရေးကော်မရှင် မြန်မာကိုယ်စားလှယ် သံအမတ်ကြီး(ငြိမ်း) ဦးလှမြင့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ နိုင်ငံတကာ ပတ်ဝန်းကျင် ဥပဒေဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Mr. Andrew Raine တို့က အမှာစကား ပြောကြားကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့  အာဆီယံနိုင်ငံများမှ အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

သတင်းစဉ်