ဟိုပုံး ၂၀  စက်တင်ဘာ    

 

ဒေသအတွင်းရှိ ကျောင်းသား/ကျောင်းသူကလေးများ လူ့အခွင့်အရေးကို သိရှိနားလည်လာစေရန်၊ လူ့အခွင့်အရေးသိရှိလာပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှ လျော့ကျလာစေရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာလာစေရန် ရည်ရွယ်ပြီး လူ့အခွင့်အရေးမှတ်တမ်းတင်ကွန်ရက်မှ ကြီးမှူး၍ စက်တင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး မှတ်တမ်းတင် ကွန်ရက်မှ Director ဦးသန့်ဇင်ဦးနှင့် Trainer ဒေါ်ခင်စန္ဒာတို့က လူ့အခွင့်အရေး စတင်ပေါ်ပေါက်  လာပုံ၊ လူ့အခွင့်အရေးသမိုင်းကြောင်း၊ လူ့အခွင့်အရေးပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံများ၊ လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးအကြောင်း၊ မြန်မာနိုင်ငံမှာလဲ ပါဝင်လက်မှတ်ရေးထိုး ထားသည့်အကြောင်းတို့ကို အဓိကထားဆွေးနွေးဟောပြောပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်မေမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယခုလို ဆွေးနွေးပွဲပြုလုပ်ပေးခြင်းကြောင့် ကလေးတို့ လူ့အခွင့်အရေးအကြောင်း သိရှိလာပြီဆိုရင် ကလေးတို့ အနေအထိုင်ပြောင်းလဲလာမှာဖြစ်ပြီး လူကြီးသာမက လူငယ်အချင်းချင်းလဲ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်လေးစားလာမှာဖြစ်ကြောင်း၊ လူကြီးတို့အနေနှင့်လည်း လူကြီးအချင်းချင်း စကားပြောတဲ့အချိန်မှာ ကလေးတို့သိရှိနားလည်ထားသည့် အကြောင်းတို့ကို ဝင်ပြောရင် ချိုးနှိမ်တာတို့ ပယ်ချတာတို့ မလုပ်ပဲနဲ့ ကလေးတို့ပြောနေတဲ့စကားကို နားထောင်ပြီး အမှားအမှန် ဝေဖန်ပေးရင်တော့ ကလေးတို့အတွေးအခေါ် ပိုမိုမြင့်တက်လာမှာဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်းတင်ကွန်ရက်အဖွဲ့မှ Trainer ဒေါ်ခင်စန္ဒာက ပြောသည်။ ယခုလိုမျိုးဆွေးနွေးပွဲကို ကလော၊ ပင်းတယ၊ ရပ်စောက်၊ လွိုင်လင်မြို့တို့မှာလဲ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းလဲ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)