နေပြည်တော် နိုဝင်ဘာ ၉

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး  ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ကော့သောင်း အကျဉ်းထောင်နှင့် ကော့သောင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံး အဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင်/အချုပ်ခန်း များအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် နေထိုင်စားသောက်မှုများကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့သည်။

ကော့သောင်းအကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ အိပ်ဆောင်များ၊ Quarantine အဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ကော်မရှင်မှ အကျဉ်းထောင်စာကြည့်တိုက်အတွက် ဗဟုသုတရဖွယ်ရာ (သုတ၊ ရသ၊ ဘာသာရေး၊ ကျန်းမာရေး) စာအုပ်စာပေအုပ်ရေ (၂၀၀) ကို အကျဉ်းထောင်တာဝန်ရှိသူများထံ လှူဒါန်းခဲ့သည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်