ဟန်နိုင်စိုး

 

ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီးတော့ အခုလိုမိန့်ကြားဖူးပါတယ်။ “လူ့လောကမှာ အင်မတန်ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အဝမထိန်းချင်ကြဘူး။ အလှူအတန်းကြီးတွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ် ပေးတယ်။ အဆောင်အယောင်တွေ၊ ပကာသနတွေ။  သီလ ထိန်းတာက လူမမြင်ရတော့ အရသာက တယ်မရှိဘဲကိုး။ မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာကတော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။  သာယာဖွယ် ဖြစ်တယ်။  အင်း ... သံသရာနဲ့ ကြည့်လိုက်တော့ လူချီးမွမ်းမခံရတဲ့ သီလကမှ  စိတ်ချရတာပဲ။ ဘဝကူးကောင်းဖို့နဲ့ ပတ်သက်လာလျှင် သီလက ဒါနထက်ပိုပြီး အားကိုးရတယ်။ တချို့များ သီလဖျက်ပြီးတော့ စီးပွားရှာလိုက်ကြ တာ။  သားသမီးတွေကလည်း  မိဘလုပ်တဲ့ အတိုင်း လိုက်လုပ်ကြတာပဲ။ သံသရာထဲမှာ ရင်လေးစရာပေါ့။ သံသရာခရီးတစ်လျှောက်လုံး အတွက်ပါ ကြည့်ရမှာ” လို့ ဆရာတော်ကြီး ဆုံးမခဲ့ဖူးတာကို စာပေတွေထဲကနေ မှတ်သားဖူး ပါတယ်။

 

သီလစောင့်ထိန်းမှုက ဒါနထက်အားနည်း

 

ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနအား အင်မတန်ကောင်းတာ ကမ္ဘာမှာကျော်ကြားပါတယ်။ ထိုနည်းတူစွာပဲ မြန်မာတွေ သီလအားကောင်းတာကိုလည်း ကမ္ဘာကျော်စေချင်တယ်။ ဒါပေမဲ့ မြန်မာတွေရဲ့ သီလစောင့်ထိန်းမှုက ဒါနထက် အားနည်းတာတော့ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရပ်ထဲမှာ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “အူမတောင့်မှ သီလစောင့်မယ်” တဲ့။ အဲဒီစကားကို သေချာစေ့ငုကြည့်လိုက်ရင် “အူမ မတောင့်ရင် သီလမစောင့်နိုင်ဘူး” ဆိုတဲ့ သဘောသက်ရောက်နေတာ။ အူမကတော့ ဘယ်အချိန်၊ ဘယ်အခါမှ တောင့်မလဲ ဆိုတာမသိဘူး။ ဒီစကားအရ သီလစောင့်ဖို့အတွက် တွန့်ဆုတ်နေတာတော့ ထင်ရှားတယ်။ သီလ စောင့်ဖို့အတွက် တွန့်ဆုတ်နေတော့ ဘာဖြစ်သလဲ။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာတတ်တယ်။

 

လူတွေဟာ အူမတောင့်ဖို့အတွက် နေ့စဉ်နဲ့ အမျှ စီးပွားဥစ္စာတွေရှာကြရ၊ ဖွေကြရတယ်။ အလုပ် တွေ လုပ်ရတယ်။ နှုတ်နဲ့ပြောပြီး အလုပ်လုပ်တယ်။ ကိုယ်ကာယစိုက်ထုတ်ပြီးတော့ စီးပွားဥစ္စာတွေ ရှာကြရတယ်။ အဓိကကတော့ အူမတောင့်ဖို့၊ ဝမ်းရေးဖြည့်တင်းဖို့အတွက်ပါပဲ။ ဒါကို အသက်မွေး ဝမ်းကျောင်းလို့လည်း ခေါ်ကြတယ်။

 

အဲဒီလို အသက်မွေးဝမ်းကျောင်းလုပ်တဲ့အခါမှာ လူတွေအားလုံးဟာ ကောင်းမွန်တဲ့စိတ်နေ စိတ်ထားနဲ့ချည်း အလုပ်လုပ်နေကြတာတော့ မဟုတ်ဘူး။ အချို့က မကောင်းတဲ့အနေအထားတွေနဲ့လည်း လုပ်ကြတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့၊ မိမိကြီးပွားရင် ပြီးရော၊ တခြားလူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့အနေ အထားမျိုးနဲ့လည်း အလုပ်လုပ်ကြတယ်။ ဥပမာ စီးပွားရှာတဲ့အခါမှာ ကိုယ်အူမတောင့်ဖို့အတွက် စားသောက်ကုန်တွေဆိုလည်း အတုလုပ်တာတွေ ရှိတယ်။ ဆေးဝါးတွေဆိုရင်လည်း အတုလုပ်တာ တွေရှိတယ်။ ဆီဆိုလည်း မသန့်တာတွေနဲ့ရော တယ်။ အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။ အသီးအနှံတွေကအစ ဆိုးဆေးတွေ သုံးတယ်။ နွားနို့ဆိုရင်လည်း ရေလေးနည်းနည်း တော့ ရောလိုက်ရမှ နေသာထိုင်သာရှိတယ်။ အချို့ ငါးပိထုတ်လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်း ဓာတ်မြေဩဇာတွေနဲ့ရောတယ်လို့ သတင်းတွေ ကြားနေရတာပဲ။ ငါးပိကြိုက်တဲ့ မြန်မာလူမျိုးတွေရဲ့ ကျန်းမာရေး ဘယ်လောက်ထိခိုက်ကုန်မလဲ။

 

အကျင့်သီလချို့ယွင်းခြင်းကြောင့် ရောဂါဝေဒနာတွေဖြစ်လာ

 

အခုမြန်မာနိုင်ငံမှာ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့ ပိုပိုပြီးတော့ များလာတာဟာ အဲဒီလို အစားအသောက်တွေကြောင့် ဖြစ်တယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ဓာတုဗေဒဆေးတွေ၊ ဓာတ်မြေဩဇာ တွေ အလွန်အကျွံအသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားကြတဲ့ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့မဆုံးနိုင်အောင် ရောဂါဝေဒနာတွေ ဖြစ်လာကြမှာပဲ။ ဒါကြောင့်မို့လို့ ရောဂါဝေဒနာတွေ တဖြည်းဖြည်းများလာတာဟာ အကုသိုလ်ကံကြောင့်ချည်း သက်သက်တော့မဟုတ်ဘူးရယ်။ လူတွေရဲ့ အကျင့်သီလ ချို့ယွင်းခြင်းကြောင့် ရောဂါဝေဒနာတွေ ပိုပိုပြီးတော့ ဖြစ်လာတာလည်းပါတယ်လို့ ပညာရှိ ဆရာတော်ကြီးတွေက မိန့်ဆိုကြတယ်။ တချို့ကလည်း ဒါကို “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ် ပြောနေကြတယ်။ တကယ်တော့ သီလဆိုတဲ့သဘောတရား က ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးနေတာဖြစ်တယ်။

 

အလွယ်ဆုံးထပ်ပြီးတော့ပြောရရင် မြန်မာတွေ သီလနဲ့ပတ်သက်ပြီးတော့ အလွန်ကို နားလည်လွယ်တဲ့ ငါးပါးသီလအကြောင်းပဲ အရင်စဉ်းစား ကြည့်ပါဦး။ ဥပမာ သူတစ်ပါးအသက်ကို မသတ်ပါ ဘူးဆိုတဲ့ ပါဏာတိပါတကံကို ထိန်းမယ်ဆိုရင် ပုဂ္ဂိုလ်၊ သက်ရှိသတ္တဝါရှိတဲ့ ပတ်ဝန်းကျင်နေရာမှာပဲ စောင့်ထိန်းလို့ရတယ်။ ပုဂ္ဂိုလ်၊ သက်ရှိသတ္တဝါ တစ်ဦးတစ်ယောက်မှမရှိတဲ့နေရာဆိုရင် အဲဒီကံကို ကျူးလွန်ချင်ရင်တောင် ကျူးလွန်လို့မရဘူး။

 

အဒိန္နာဒါနဆိုရင်လည်း ဒီအတိုင်းပဲ ခိုးစရာ ပစ္စည်းမရှိ၊ ခိုးစရာပစ္စည်းလည်းမတွေ့နိုင်တဲ့ ပတ်ဝန်းကျင်နေရာမျိုးမှာ ဘယ်ဟာကိုသွားခိုးမလဲ။ ခိုးစရာပစ္စည်းလည်းရှိ၊ ပတ်ဝန်းကျင်လည်းရှိလို့သာ ကျူးလွန်လို့ရတာ။ မုသာဝါဒလည်း တူတူပါပဲ။ လိမ်ညာပြောဆိုခံရမယ့်ပုဂ္ဂိုလ်၊ သတ္တဝါက ရှိဦးမှ လိမ်ညာပြောဆိုလို့ရတာလေ။

 

ကာမေသုမိစ္ဆာစာရလည်း ထို့အတူပါပဲ။ အဲဒီ ကံကျူးလွန်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ သူတစ်ပါး သားမယားက အဆင်သင့်ရှိနေဦးမှ ကျူးလွန်လို့ရတာ။ သုရာမေရယဆိုရင်လည်း ပတ်ဝန်းကျင်နဲ့ အများကြီးဆက်စပ်တယ်။ ရှည်ရှည် မတွေးပါနဲ့ဦး။ အရက်သေစာသောက်စားလို့ မူးယစ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူ့မိသားစု ဒုက္ခရောက်တယ်။ အရက်စွဲနေတယ်၊ မူးယစ်ဆေးဝါး စွဲနေတယ်ဆိုရင် သူ့မိသားစုက နံပါတ်တစ် အရင် ဒုက္ခရောက်ရတယ်။

 

ဆိုတော့ သီလဆိုတဲ့သဘောက ပတ်ဝန်းကျင် နဲ့ဆက်စပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်တွေအများကြီး ရှိတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ လူတစ်ယောက် ကိုယ်ကျင့်သီလကောင်းလိုက်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီး စိတ်ချမ်းသာရာ ရတယ်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်ကစပြီး တစ်နိုင်ငံလုံး စောင့်ထိန်းနိုင်လေ၊ တစ်နိုင်ငံလုံး အေးချမ်းလေ၊ တစ်ကမ္ဘာလုံးစောင့်ထိန်းနိုင်လေ တစ်ကမ္ဘာလုံး အေးချမ်းလေဖြစ်မှာပဲ။

 

ထင်ရှားတဲ့အဆိုအမိန့်တစ်ခု

 

ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီးတော့ အနောက်တိုင်းပညာရှိတွေရဲ့ ထင်ရှားတဲ့အဆို အမိန့်တစ်ခုကိုလည်း ချန်မထားခဲ့ချင်လို့ တင်ပြပါ ရစေ။ အဲဒါကတော့ “when wealth is lost, nothing is lost. When health is lost, something is lost. When character is lost, everything is lost.” ဆိုတဲ့ စကားပါ။ ဥစ္စာဓန ဆုံးရှုံးသောအခါ ဘာမျှမဆုံးရှုံးသေးပါ။ ကျန်းမာမှုဆုံးရှုံးတဲ့အခါ တစ်စုံတစ်ခုဆုံးရှုံးပါပြီ။ ကိုယ်ကျင့်တရားဆုံးရှုံးရင်တော့ အားလုံးကိုဆုံးရှုံးပြီလို့ ဆိုပါတယ်။

 

ကိုယ်ကျင့်တရားကို ပါဠိလို “သီလ” လို့ ခေါ်တယ်လို့ ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ “မြတ်သီလ” စာအုပ်မှာ ဖော်ပြထားတယ်။ ဆိုတော့ “When Character is lost, Everything is lost.” စကားအတိုင်းပါပဲ။ လူသားတွေအားလုံးဟာ ကိုယ်ကျင့်သီလတွေ ဆုံးရှုံးရင်တော့ အားလုံးကို ဆုံးရှုံးရပါပြီ။ အူမတောင့်မှ သီလစောင့်မယ့် လူတွေများလာရင် အထက်မှာဆိုခဲ့သလို စားသောက်ကုန်အတု၊ ဆေးဝါးအတုတွေနဲ့ မူးယစ် ရမ်းကားနေတဲ့သူ၊ ဓားထောက်လုယက်မယ့်သူ တွေ၊ လိမ်ပြောတဲ့သူ၊ သူတစ်ပါးသားမယား စော်ကားတဲ့သူတွေနဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့သူတွေများလာရင် လူ့အဖွဲ့အစည်း တစ်ခုဟာ ချည့်နဲ့သွားပါလိမ့်မယ်။

 

သီလကို လက်လွတ်လို့မဖြစ်ဘူး

 

အနှစ်ချုပ်ရရင် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ အဆုံးအမတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ အဲဒီအဆုံးအမကတော့ “လူတစ်ယောက်ဟာ ဒါနမရှိပေမယ့် သီလရှိနေရင် ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါနမရှိတာက အကျိုး မရတာပဲရှိမယ်။ သီလမပါခဲ့ရင်တော့ အပါယ် လေးပါးကို စိတ်မချရဘူး။ တစ်ခါဒါနပြုတဲ့အခါမှာ လည်း သီလမပါဘဲနဲ့ပြုရင် အကျိုးပေးမသန်နိုင် ဘူး။ သီလခြံရံပြီးပြုတဲ့ဒါနမှ ပိုပြီးအကျိုးပေး သန်နိုင်တယ်။ ဒါကြောင့် သီလကတော့ အခြေခံ ပဲ။ သီလကတော့ ဇာတ်လိုက်ပဲ။ သီလကို လက်လွှတ်လို့မဖြစ်ဘူး” ဟူ၍ဖြစ်ပါတယ်။

 

ပြီးတော့ ဗုဒ္ဓသာသနာမှာ လိုရင်းအနှစ်ချုပ်က ဒါန၊ သီလ၊ ဘာဝနာလို့ပဲဆိုဆို၊ သီလ၊ သမာဓိ၊ ပညာ လို့ပဲပြောပြော အဲဒီနှစ်ခုစလုံးမှာ သီလကတော့ မပါမဖြစ်ပါပဲ။ သီလကတော့ ဘုံပါနေတာပါပဲ။ ဒါနဆိုတာ သူတစ်ပါးချမ်းသာအောင် ပြုလုပ်ရတာ ဖြစ်ပြီး သီလကတော့ သူတစ်ပါးမဆင်းရဲအောင် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးစလုံးကို ထိန်းသိမ်း စောင့်ရှောက်တဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုအကြောင်းပြုပြီး သူတစ်ပါးမဆင်းရဲရလေအောင်၊ လူ့အဖွဲ့အစည်း မပျက်စီးရလေအောင် ကိုယ်ကျင့်သီလကို အတတ်နိုင်ဆုံး ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေခင်ဗျာ။

စာဖတ်သူတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။ ။

 

ကိုးကား

- မဟာဂန္ဓာရုံဆရာတော်၏ လူဝတ်ကြောင် တို့အတွက် နံနက်ခင်းဩဝါဒများ

- အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ သီလနှင့် ပညာတရားတော်

- ဒေါက်တာမင်းတင်မွန်၏ “မြတ်သီလ” စာအုပ်