နေပြည်တော် မတ် ၈  

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ်(၄၉)ကို ယနေ့ မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၌ ကျင်းပသည်။

 

ဉီးစွာဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ယနေ့စကားဝိုင်းတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာသည်  “မြန်မာအထူးစီးပွားရေးဇုန်ဖြစ်ကြောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံများ၌လည်း အထူးစီးပွားရေးဇုန်များ ဖွင့်လှစ်၍ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဆွေးနွေးတင်ပြသူ အနေဖြင့် အထူးစီးပွားရေးဇုန်၏ အဓိပ္ပါယ်၊ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများကို ထောက်ပံ့ပေးသည့်ခံစားခွင့်များ၊ အထူးစီးပွားရေးဇုန်များ၏ အနှစ်သာရ၊ မြန်မာအထူးစီးပွားရေးဥပဒေ ပြဋ္ဌာန်းခြင်း၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေပါ ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ၊ အထူးစီးပွားရေး ဇုန်တွင် လိုင်စင်၊ ခွင့်ပြုမိန့်လိုအပ်မှုမှ ကင်းလွတ်ခွင့်၊ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် အထူးစီးပွားရေးဇုန်များ ပေါ်ပေါက်လာခြင်း အကျိုးကျေးဇူးများကို ဆွေးနွေးဖော်ပြမည်ဖြစ်ခြင်း ကြောင့်  ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်သည့်အတွက်  စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဟိန်းထွန်းက မြန်မာအထူးစီးပွားရေးဇုန်အကြောင်း လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက မြန်မာအထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေ များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်း မေးမြန်း ဆွေးနွေးခဲ့ကြသည်။

   

အခမ်းအနားသို့ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများက Online ဖြင့် တက်ရောက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)