ရန်ကုန် မတ် ၁၄

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိ သူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ  (၁၂၀) ဦး တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ NSSA ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား (၈၂၉) ဦး နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာန (၈) ခု၊ စစ်ဆေးအကဲဖြတ်သူ (၆၂) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သူများအတွက် ကိုယ်စားလှယ်ဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား (၃၅၀၀) ဦး စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထား၍ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လုပ်သား (၂၉၃၄) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး မတ်လတွင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အလုပ်အကိုင် ၄၈ မျိုး အတွက် ဖြေဆိုသူ (၅၀၀၀) ဦး စစ်ဆေးအကဲဖြတ်နိုင်ရန် လျာထားကြောင်း။
    
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်ရည်၊ တီထွင်မှု၊ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု စသည့် Soft Skill များ လေ့လာ သင်ယူရန် Soft Skills Training များ ပို့ချရန်သာမက ဖွံ့ဖြိုးတိုးတက်လာသော အနာဂတ် အလုပ်အကိုင်များနှင့်အညီ Hard Skills Training များပါ ဖွင့်လှစ်ပို့ချရန် စီမံထားကြောင်း၊ 
လေ့ကျင့်သင်ကြားမှု Hard Skills Training များကို ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်းများတွင် ဒေသလိုအပ်ချက်များသော အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှု သင်တန်းများ ပို့ချပေးလျက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည့် MSME သင်တန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ တာဝန်ရှိသူများက NSSA ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရ လုပ်သားများ၊ စစ်ဆေး အကဲဖြတ်သူများနှင့် စစ်ဆေးအကဲဖြတ်ရေးဌာန ကိုယ်စားလှယ်များကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်