တောင်ကြီး ၉ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် တည်ဆောက်လျက်ရှိသော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မေ ၈ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှမ်းပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအနက် စက်မှုလက်မှု သင်တန်းကျောင်း (အောင်ပန်း) တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် (၄) ထပ် အလုပ်ရုံ စာသင်ခန်းမ (၁၈၀ x၃၆' x၄၈)၊ (၃) ထပ်အိပ်ဆောင် (၁၀၀' x၃၀' x၃၆')၊ (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၃) ထပ် (၉၀'x၃၆'x၃၆) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်နိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာ တည်ဆောက်ရေးကုမ္ပဏီ တာဝန်ခံများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သီတာဦး(တောင်ကြီး)


