mdn

သတင်းဆောင်းပါး - မောင်သန်းဝင်းရွှေ

 

နိုင်ငံတိုင်း၏တူညီသော ရည်မှန်းချက်ပန်းတိုင်သည် ဖွံ့ဖြိုးမှုပင် ဖြစ်ပါသည်။ မျက်မှောက်ခေတ်လိုအပ်ချက်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဖြစ်ပါသည်။ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဖိနှိပ်မှု၊ ရောဂါဘယများဖိစီးမှု၊ ဆင်းရဲငတ်မွတ်မှု၊ အသိပညာ၊ အတတ်ပညာခေါင်းပါးနေမှု စသည့်လူမှုဒုက္ခအပေါင်းက ကင်းလွတ်၍ လူနေမှုအဆင့်အတန်း မြင့်မားလိုကြပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများကလည်း လူသားတို့နေထိုင်ရာ ဤကမ္ဘာကို ထိုးဖောက်၍ အာကာသတစ်ခွင် ထူးဆန်းမှုကို စူးစမ်းလိုသောဆန ́ဖြင့် ပြင်းပြနေကြသည်။

 

မျက်မှောက်ခေတ်တွင် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများရရှိခြင်း၊ ကျန်းမာသန်စွမ်းလာ ကြခြင်းများသည်ဖွံ့ဖြိုးမှု၏ အဓိကနိမိတ်လက္ခဏာအဖြစ် တိုး၍တိုး၍ သတ်မှတ်လာကြသည်။ ကုလသမဂ္ဂ၏ ဆယ်စုနှစ်ဖွံ့ဖြိုးမှု အစီရင်ခံစာ (United Nations Development Decade Reports) များအရ သက်မဲ့သဘာဝ သယံဇာတများ ဖွံ့ဖြိုးမှုထက်သက်ရှိလူပုဂ္ဂိုလ်များ၏ ဖွံ့ဖြိုးမှုမှာ ပို၍အရေးပါလာနေသည်ကိုတွေ့မြင်လာရ ပေသည်။ လူ့စွမ်းအားစု အရည်အသွေး တောက်ပြောင်မှသာလျှင် ကုန်ထုတ်စွမ်းအားမြင့်မားလာနိုင် မည်ဟုခံယူကာ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ ရင်းနှီး မြှုပ်နှံမှုကို တိုး၍တိုး၍ မြှုပ်နှံလာကြခြင်းဖြစ်သည်။

 

ပညာရေးဖွံ့ဖြိုးမှုသည် ရင်းနှီးမြှုပ်နှံမှုဖြစ်

 

စာမတတ်မြောက်မှု ပပျောက်ရေး ဆောင်ရွက်ချက်သည်လူ့အသိဉာဏ်၊ အတွေးအခေါ် ကျယ်ပြန့်ပွင့်လင်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ ထို့အတူ လူ၌ရင်းနှီးမြှုပ်နှံခြင်းသည် သွင်းအားစုရှားပါးသော အကျပ်အတည်း၊ အခက်အခဲများကို ပြေလည်စေနိုင်သည်ဟုလည်း ယုံကြည်လာကြပေသည်။ သက်မဲ့ရုပ်ဝတ္ထုတွင် ရင်းနှီးမြှုပ်နှံ ခြင်းနှင့် ပညာရေးတွင်ရင်းနှီးမြှုပ်နှံခြင်းသည် ပို၍သက်တမ်း ကြာရှည်သည်။ လူ့သက်တမ်းရှည်လေလေ လူ၌ရင်းနှီးမြှုပ်နှံမှု အသီးအပွင့်များ ခံစားနိုင်သောကာလ ကြာမြင့်လေလေ ဖြစ်သည်။ ပျက်စီးပြုန်းတီးခြင်း၊ ခေတ်နောက်ကျ၍ ဟောင်းနွမ်းအသုံး မဝင်ခြင်းတို့သည် လူမှာထက် ရုပ်ဝတ္ထု အရင်းပစ္စည်းများတွင်ပိုမို မြန်ဆန်လေ့ရှိသည်။ ထို့ကြောင့်ပင် ပညာရေးဖွံ့ဖြိုးမှုအတွက် အရင်းစိုက်ထုတ်မှုမှာ စားသုံးခြင်းဟု မ ယူဆကြ တော့ပဲ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟု အသိအမှတ်ပြုလာကြပေသည်။

 

မျက်မှောက်ကာလတွင် ပညာရေးကဏ္ဍအတွက် နိုင်ငံ၏အာရုံပြုမှုနှင့် ဖြေရှင်းရမည့်ပညာရေးလုပ်ငန်းများ၏ အကျယ်အဝန်းကို အောက်ပါòန်ကိန်းနှစ်ရပ်ဖြင့် အသိအမှတ်ပြုလာ ကြပေသည်။ ယင်းတို့မှာ တိုင်းပြည်ဝင် ငွေထဲမှ ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ရာ ခိုင်နှုန်းနှင့် စုစုပေါင်းလူဦးရေမှအသက် ၅ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေးရာခိုင်နှုန်းတို့ပင်ဖြစ်သည်။ ယင်းညွှန်ကိန်းက ပြဆိုသည်မှာ တစ်ဦးချင်းဝင်ငွေမြင့်မားသော နိုင်ငံများ၌ လူအင်အားစု ဖွံ့ဖြိုးမှု အများဆုံးဖြစ်ခြင်း၊ ဖွံ့ဖြိုးမှုအဆင့်မြင့်မားသော နိုင်ငံများ၌ စိုက်ပျိုးရေးကဏ္ဍ တွင် လုပ်သားအင်အားရာခိုင်နှုန်း လျော့နည်းသွားလေ့ရှိခြင်းများပင် ဖြစ်ပေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြား နှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများတွင် ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်၏ ဖွံ့ဖြိုးမှုအစီအစဉ်အဖြစ် ပန်းတိုင် ၁၇ ခုအနက် စတုတ္ထမြောက်ရည်မှန်းချက်မှာ “လူသားအားလုံး အကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည် အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက် အစဉ်လေ့လာ သင်ယူနိုင်သော အခွင့်အလမ်း ရရှိရေး” ပင် ဖြစ်ပါသည်။

 

လူ့အရင်းအနှီးမှာ အရေးပါလာ

 

ပညာရည်မြင့်မားလာမှု အခြေအနေကို ဒေသအလိုက်ဆန်းစစ်မှုပြုရပါသည်။ ထို့အတူ အမျိုးသားနှင့် အမျိုးသမီး ပညာဆည်းပူးနိုင်မှု အခွင့်အရေးများ၊ ကျေးလက်နှင့် မြို့ပြ ပညာရေးအခြေအနေ၊ ဝင်ငွေကွာဟမှုအလိုက် ပညာ သင်ကြားနိုင်မှုစသော အချက်အလက်များဖြင့် အရင်းအမြစ်ကျကျ တိတိပပ ဆန်းစစ်မှုပြုရန် လိုအပ်သည်ကို မျက်မှောက်ခေတ်ဖွံ့ဖြိုးမှု ပညာရပ်က မီးမောင်းထိုးပြနေပါသည်။

 

နိုင်ငံတိုင်းတွင် ဖွံ့ဖြိုးမှုအထောက်အကူပြု အင်အားစ သုံးရပ်မှာ လုပ်သားအင်အားစု၊ သဘာဝအင်အားစုနှင့် ဘဏ္ဍာ ရေးအင်အားစုတို့ဖြစ်သည်။ မည်သို့ပင် သဘာဝအင်အားစု (ဝါ) သယံဇာတအင်အားစုနှင့် ဘဏ္ဍာရေး အင်အားစုများ ပေါကြွယ်ဝ နေစေကာမူ စနစ်တကျ ဖော်ထုတ်သုံးစွဲမည့် ကျွမ်းကျင်လုပ်သား အင်အားစုမရှိလျှင် မည်သို့မျှဖွံ့ဖြိုးမှုပန်းတိုင်ကို ရောက်ရှိနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်ချက်တစ်ရပ်မှာ လူ့အရင်းအနှီး တည်ဆောက်ခြင်း ဖြစ်ပေသည်။ ရုပ်ဝတ္ထုအရင်းအနှီးနည်းတူ လူ့အရင်းအနှီးမှာ အရေးပါလာကြောင်း မျက်မှောက်ကာလ၌ သိရှိကြပေသည်။ ပညာရှင်တစ်ယောက်၏ အတွေ့အကြုံမှာ အဖိုးတန်ရတနာတစ်ရပ်ဖြစ်သည်။ အတွေ့အကြုံရင့်သန်သော ပညာရှင်စွမ်းဆောင်မှုပေးနေသမျှ ကာလ မပိုင်းခြားနိုင်သော ဆင့်ပွားပညာပေးမှုမှာ ပညာသည် မြောက်မြားစွာကို ထပ်ဆင့်မွေးထုတ်ပေးနိုင်သည်။ တစ်နည်းဆိုသော် လက်ဆင့်ကမ်း အတွေ့အကြုံ ဖြန့်ဖြူးရေးမှာ ဖွံ့ဖြိုးပြီး ဖွံ့ ဖြိုးဆဲနိုင်ငံများအားလုံးအတွက် အဖိုးတန်သော လိုအပ်ချက်ဖြစ်သည်။ ဤသည်ကို ပညာရေး အရင်းအနှီး တိုးပွားမှုအဖြစ် အသိအမှတ်ပြုကြရပေသည်။

 

လေ့လာမှုများအရ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လူ့အရင်း အနှီးသည် ရုပ်ဝတ္ထုအရင်းအနှီးထက် လျင်မြန်စွာ တိုးတက်လျက်ရှိ၍ လူမှုစီးပွားရေးစနစ်ကို ပိုမိုအကျိုးပြုကြောင်း တွေ့ရှိရပါသည်။ ယေဘုယျအားဖြင့် လူမှုစီးပွားရေး ဖွံ့ဖြိုးမှုသည် နည်းပညာ တိုးတက်မှုနှင့် ဆက်စပ်လျက်ရှိပြီး တစ်ဖန်နည်းပညာတိုးတက်မှုမှာ ကျွမ်းကျင်လုပ်သားရရှိမှုအပေါ်တွင် မူတည်နေပြန်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လုပ်သားအင်အားစု အပိုအလျှံများ ရှိနေ ကြပါသည်။ လုပ်သားအင်အား အပိုအလျှံအား လူ့အရင်းအနှီး စီမံချက်ဖြင့် အပြည့်အဝ အသုံးချခြင်းဖြင့် တိုင်းပြည်ထုတ်ကုန်တိုးပွား၍ လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်သည်။

 

 အဖိုးမဖြတ်နိုင်သော အကျိုးဆက်ကိုရ

 

လူ့အရင်းအနှီးသည် လူဦးရေအနည်းအများပေါ် မူမတည်ဘဲ ကျွမ်းကျင်လုပ်သားအင်အားစု ပမာဏပေါ်တွင်သာ တည်ပါသည်။ လူ့အရင်းအနှီးသည် ရုပ်ဝတ္ထုအရင်းအနှီးကဲ့သို့ တိုင်းတာ ရန်မလွယ် ကူလှပေ။ ထို့အတူ လူ့အရင်းအနှီး၏ အကျိုးအမြတ်ကိုလည်း တိုင်းတာရန် မလွယ်ကူပေ။ လူ့အင်အားစုများတွင် ရင်းနှီး မြှုပ်နှံခြင်းသည် ပြည်သူတို့၏ ဝင်ငွေနှင့် ထုတ်လုပ်မှုကို တိုးပွား စေသဖြင့် ယင်းသို့သုံးစွဲမှုများမှာ အရင်းအနှီးမြှုပ်နှံမှုတစ်ရပ်ကိုတိုးပွားစေသဖြင့် ယင်းသို့သုံးစွဲမှုများကို အရင်းအနှီးမြှုပ်နှံမှု တစ်ရပ်ဟူ၍ သတ်မှတ်ရပေမည်။ မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ၌ ပညာရေးအသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီအပိုင်းအခြားသတ်မှတ်၍ တိုးတက်မှုဘက်သို့ ဦးတည်ချက်သုံးစွဲသည့် ပြည်သူ့ဘဏ္ဍာ ရေးမူဝါဒသည် အနာဂတ်အတွက်ရည်မှန်းချက်ထားသော အမျိုးသားစီးပွားရေး ဦးတည်ချက်ဟုဆိုနိုင်သည်။

 

ပညာရေးအရည်အသွေးတိုးတက်ရေးကို ဆန်းစစ်ရာ၌ ပညာရေးရင်းနှီးမြှုပ်နှံမှုနှင့်အတူ ကျွမ်းကျင်မှုရှိသော လုပ်သားများ ပေါ်ထွန်းစေခြင်းပင်ဖြစ်သည်။ ကျောင်းသင်ပညာသာမက ဉာဏ်ရည်ဖွံ့ဖြိုးမှုဆိုင်ရာ ဖွံ့ဖြိုးမှု ရရှိရေးအတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးအောင် စွမ်းဆောင်ချက်များသည်လည်း အဖိုးမဖြတ်နိုင်သော အကျိုးဆက်ကို ဖော်ဆောင်သည်။ အနာဂတ်တွင်လုံးဝအားထားရမည့် ဖွံ့ဖြိုးမှုတစ်ရပ်ပင်ဖြစ်ရာ ပညာ ရေးဖွံ့ဖြိုးမှုတွင် ကျောင်းသင်ပညာတစ်ရပ်တည်းသာမက ကျွမ်းကျင်ပညာ နှင့်အတူ တိုးတက်စေရေးကိုပါ ပူးတွဲစွမ်းဆောင်နေကြရခြင်းပင်ဖြစ်ပါသည်။ အတန်းစဉ်တက် ဂုဏ်ထူးထွက်၍ ပညာရည်ချွန်သည်ဟု သတ်မှတ်ခြင်းထက် ထိုးထွင်းဉာဏ်တိုးပွား၍ ကြိုးစားမှုများကိုမူ လေ့ကျင့်ပျိုးထောင်မှု၊ အားပေးချီးမြှောက် မှုများဖြင့် ဖြည့်တင်းခြင်း ပြုကြရပါသည်။ ပညာရည်မြင့်မား၍ ထိုးထွင်းဉာဏ်စွမ်းအား ရှိစေရေးတွင် စေတနာပါသော ပြုစုပျိုးထောင်မှု အထူးလိုအပ်ပေသည်။

 

မျက်မှောက်ကာလ မြန်မာနိုင်ငံ၌ နိုင်ငံသား၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများကို ဒေသအနှံ့ ဆောင်ရွက်လျက်ရှိရာ CSR (Corporate Social Responsibility) ခေါ် လူမှုရေး တာဝန်ကျေပွန်မှုပြုလုပ်မည့် အစီအစဉ်များပါ ပူးတွဲ၍တင်ပြစေခြင်းမှာ လူ့စွမ်းအား အရင်းအနှီးမြှုပ်နှံမှုတိုးပွားစေရေး၏ အစိတ်အပိုင်း တစ်ရပ်ဟု ဆိုနိုင်သည်။ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သောဒေသ စက်ရုံ၊ အလုပ်ရုံ၊ စီမံကိန်း တည်ရာဒေသအတွက် လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ၏ လူမှုရေးတာဝန်ကျေပွန်မှုဟု ဆိုရမည်။ အသားတင်အမြတ်မှမည်သည့် ရာခိုင်နှုန်းဖြင့် CSR အား စီစဉ်ပေးမည်ကိုဖော်ပြချက်ဖြစ်ပြီး ယင်းသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများတွင် မည်သို့ခွဲဝေသုံးစွဲ၍ ဖွံ့ဖြိုးမှု အထောက်အကူပြုစီစဉ်ချက် ဖြစ်ပါသည်။ ထို့အတူ ရင်းနှီးမြှုပ်နှံမှုပြုကြရာ ၌ ဒေသခံများကို အလုပ်ခန့်ထားပေးခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာရုံ သာမက လေ့ကျင့်ရေးနှင့် သင်တန်းများမှတစ်ဆင့် ခေတ်မီနည်းပညာများတို့ ရရှိ၍ ဒေသခံများသည် သာမန်လုပ်သားအခြေအနေမှကျွမ်းကျင်လုပ်သား အခြေအနေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးချက်ဖြစ်၍ လူ့စွမ်းအား အရင်းအနှီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတိုးတက်ရေး ဦးတည်ချက်တစ်ရပ်ပင် ဖြစ်ပေသည်။

 

ပညာတန်ဖိုးသိရန် အရေးကြီး

 

ပြည်သူ့ဘဏ္ဍာရေးမှ ပညာရေးဆိုင်ရာ အသုံးစရိတ်မည်မျှပင် ကျခံသုံးစွဲကြစေကာမူ ပညာပေးသူနှင့် ပညာယူသူတို့၏ ပညာတန်ဖိုးသိရှိရန်မှာလည်း အထူးအရေးကြီးလှပါသည်။ ပညာတန်ဖိုးသိရှိရန်မှာ ပညာရေးမျှော်မှန်းချက်နှင့်အခွင့်အရေးများလည်း ပီပြင်ထင်ရှားမှု ရှိဖို့လိုပါသည်။ သို့မှသာ ပညာရေး အသုံးစရိတ် သုံးစွဲရကျိုးနပ် နိုင်မည်ဖြစ်သည်။ ပညာရေးအသုံးစရိတ်ကို ခန့်မှန်းရန် လွယ်ကူသလောက် ပညာ ရေးနှင့် ပတ်သက်သော ပြန်ရချက်မှာ တိုင်းတာရန် ခဲယဉ်းပါသည်။ တိုက်ရိုက်ပြန်ရချက်များ သာမက သွယ်ဝိုက်သောပြန်ရချက်များပါရှိနေ၍ အဖိုးမဖြတ်နိုင်သော အကျိုး အမြတ်များသာ ပေါ်ထွန်းသည်ဟုဖွံ့ဖြိုးမှု သိပ္ပံပညာရှင်များက လက်ခံထားကြပေသည်။

 

စဉ်ဆက်မပြတ် ကျွမ်းကျင်လုပ်သားများပေါ်ထွန်းရေးသည် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်လျှင် ပိုမိုလျင်မြန်သော အကျိုးအမြတ်ကို ရရှိမည်ဖြစ်ပါသည်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော ပညာရေးဖွံ့ဖြိုးမှု အသင်းအဖွဲ့များ၏အကူအညီမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်းအတွက် လိုအပ်ချက်ဖြစ်ပေသည်။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို လက်မလွှတ်တမ်း ကျင့်သုံးကြဖို့လည်း အရေးကြီးလှပေသည်။

 

ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသကဲ့သို့ပညာရေးအလားအလာကောင်းများ ထွက်ပေါ်စေ ရေးတွင်လူတိုင်းစေ့ ကျန်းမာရေးနှင့် သာယာဝပြောမှုရှိရေးတို့မှာလည်း အထူးလိုအပ်ပေသည်။ သို့မှသာ နေရာအနှံ့ ဆင်းရဲမှုပုံစံအား လုံးအဆုံးသတ် နိုင်မည်ဖြစ်ပေသည်။ ထိုသို့ ဆင်းရဲမှုပုံစံအားလုံး အဆုံးသတ်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအကျိုးအမြတ်ကို အများခံစားနိုင်မည့် အများကောင်းကျိုးပြု ဘောဂဗေဒ၏ အကျိုးစီးပွားအရပ်ရပ်တို့နှင့် ပြည့်စုံနိုင်မည်ဖြစ်ပေသည်။