ကျုံပျော် ၂၈ ဧပြီ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ အိမ်တိုင်ရာရောက် မီတာခလိုက်လံကောက်ခံ ဝန်ဆောင်မှုပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဧပြီ ၂၈ ရက်က စတင်ဆောင်ရွက်ကြောင်း သိရသည်။
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲကိုကိုဦးက "ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ Home Stay နေထိုင်စဉ်ကာလမှာ ပိုပြီးအဆင်ပြေအောင်ဆိုပြီးတော့ အိမ်တိုင်ရာရောက် မီတာလိုက်လံ ကောက်ခံတဲ့စနစ်ကို ဆောင်ရွက်ပေးတာပါ။ အခုလိုလိုက်ပြီးဆောင်ရွက်ပေးတော့ လူစုလူဝေးလည်း မဖြစ်တော့ဘူးပေါ့။ ရုံးကို မီတာခလာဆောင်တဲ့သူတွေကိုလည်း ရောဂါကူးစက်ပြန့်ပွားမှု မရှိအောင် အကွာအဝေးနေရာတွေသတ်မှတ်ပြီး စနစ်တကျ ဆောင်ရွက်ပေးနေပါတယ်" ဟု ၎င်းကဆိုသည်။
လက်ရှိ ကျုံပျော်မြို့တွင် မီတာအလုံးရေ (၇၆၆၈) ခုရှိပြီး၊ မတ်လအတွက် မီတာခကို အလုံးရေ (၆၀ဝ၀)ကျော် လာရောက်ပေးသွင်းပြီးဖြစ်ကြောင်း၊ ယခုကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများ၊ ကျန်ရှိသူများအတွက် ပိုမိုအဆင်ပြေစေရန် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ကားဖြင့်လိုက်လံကာ အိမ်တိုင်ရာရောက် မီတာကောက်ခံသည့်စနစ်ကို ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)


