ပင်လည်ဘူး   ၂၁   မတ်  

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်း၍ မတ် ၂၁ ရက် နံနက်  ၇ နာရီတွင် လူစုလူဝေးရှိရာ မြို့နယ်စည်ပင်သာယာဈေးအတွင်း၌  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့်  စည်ပင်သာယာဈေးအတွင်းရှိ တိရစ္ဆာန်အသားငါးစိမ်းများရောင်းချနေသော ဈေးဆိုင်တွင် လုပ်ကိုင်နေသူများကို တိရစ္ဆာန်မှတစ်ဆင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရေး၊ မိမိမှတစ်ဆင့် တစ်ခြားသူ ရောဂါမကူးစက်အောင် အထူးဂရုပြုနေထိုင်သွားရေး၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရေး၊ လက်အိတ်များအသုံးပြုရေးနှင့် လက်သန့်ရှင်းရေးကို ဂရုပြုရေးတို့နှင့်ပတ်သက်၍ အသိပညာပေး ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး   ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ဈေးအတွင်းတွင် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာသူများကို လက်ဆေးစင်၊ လက်ဆေးဆပ်ပြာများဖြင့် လက်ဆေးနိုင်ရေး စနစ်တကျ စီစဉ်ပေးထားကြောင်း သိရသည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူအများတည်းခိုးနိုင်သည့် လူစုလူဝေးရှိရာ တည်းခိုခန်းများသို့လည်း သွားရောက်ပြီးကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက်မှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးခိုင်လင်းနိုင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီအမှုဆောင်အရာရှိ ဦးနေလင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)