တောင်ကိုရီးယား မင်းသမီးတစ်ဦးဖြစ်တဲ့ ဆိုရယ်ဂျီဟာ မကြာမီပြုလုပ်သွားမယ့် Baeksang Arts Awards ဆုပေးပွဲမှာ လူကြိုက်အများဆုံး မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အဆိုပါ ဆုပေးပွဲ အခမ်းအနားတက်ရောက်ကာ ဆုလက်ခံရယူဖို့အတွက် လတ်တလောမှာ ဆွေးနွေးနေကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ယခုနှစ်မှာ ပြုလုပ်မယ့် ၅၇ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ ဆိုရယ်ဂျီဟာ တစ်တော့မှာ လူကြိုက်အများဆုံး မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လူကြိုက်အများဆုံး မင်းသားဆုကိုတော့ ကင်ဆန်းဟိုက ရရှိခဲ့တာဖြစ်ပါတယ်။
ဆိုရယ်ဂျီဟာ ယခုလတွေအတွင်း အတိတ်က လုပ်ဆောင်ခဲ့တဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး အများရဲ့ အပြစ်တင်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဆိုရယ်ဂျီဟာ သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင် Island မှ နုတ်ထွက်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပြီး သူ့ရဲ့ ရုပ်ရှင်သစ် Recalled အတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ပရိသတ် တွေက ဆိုရယ်ဂျီအနေနဲ့ Baeksang Arts Awards ဆုပေးပွဲကို တက်ရောက်ခြင်းရှိ၊ မရှိ သိရှိလိုရာ မင်းသမီးရဲ့ အေဂျင်စီက လတ်တလောမှာတော့ ဆုပေးပွဲတက်ရောက်ကာ ဆုလက်ခံရယူဖို့အတွက် ဆွေးနွေးနေဆဲဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
အေးပြည့်