နေပြည်တော်  ၁၈  ဇွန် 

မူဆယ်မြို့၊ နန်းတော်စစ်ဆေးရေးဂိတ်၌ လူကုန်ကူးခံရသူ အမျိုးသမီး(၁)ဦးနှင့် ကလေး(၂)ဦးတို့အား ဇွန် ၁၃ ရက် ညနေ ၅ နာရီခွဲက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မုန်းယုကျေးရွာနေ မ×××××၊ (၃၁)နှစ်နှင့် သား(၂)ဦးအား မလီမိန်ကျိန်း၊ မောင်လီရှင်းဖနှင့် မရန်မြင့်ရီတို့က သွေးဆောင်စည်းရုံးပြီး မ×××××နှင့် တစ်နှစ်အရွယ် သားတစ်ဦးအား တရုတ်နိုင်ငံ၊ လုံလင်မြို့နယ်၊ ကျိန်းအမ်းရွာနေတရုတ် အမျိုးသား ရှောက်မုန့်လင်ဆိုသူထံသို့ လည်းကောင်း၊ ကျန်သားတစ်ဦးဖြစ်သူမောင် ×××××၊ ၄ နှစ်အား ထိန်ချုံးမြို့နေ တရုတ်မိသားစုထံသို့ လည်းကောင်း ရောင်းချခဲ့ကြောင်း။

လူကုန်ကူးခံရသူ မ×××××နှင့် သားနှစ်ဦးအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (လွယ်ဂျယ်)နှင့် မူဆယ်မြို့လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးတို့က တရုတ်နိုင်ငံ၊ ထိန်ချုံးရဲဌာန၊ လုံလင်ရဲဌာန၊ ရွှေလီမြို့လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးတို့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ မ××××× နှင့် သားနှစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် မလီမိန်ကျိန်း၊ မောင်လီရှင်းဖနှင့် မရန်မြင့်ရီတို့အား နမ့်ခမ်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 

(သတင်းစဉ်)