ရွှေဘို ၁၃ ဇူလိုင်   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘို မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ သိင်္ခဆောင်တွင်လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား မြို့မိမြို့ဖ ဒေါက်တာတင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်အိသက်ခိုင်က စကားဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့သည်။ 

 

ယင်းနောက် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်ဦးစီးမှူး ဒေါ်စုစုလှိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးသိန်းဇော်ထွန်း၊ ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးတာဇံ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့စိတ်(၂)မှ ရဲအုပ်မင်းခိုင်၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ စာရေးဆရာ ဒေါက်တာတင်ဝင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်စန်းစန်းနွယ်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး လူကုန်ကူးမှုနည်းလမ်းများနှင့် ကျခံရနိုင် သည့် ပြစ်မှု၊ပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းများ၊ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပွားနေသော လူကုန်ကူးမှု အနေအထားများကို ဘက်ပေါင်းစုံမှ ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသော ကျောင်းသားကျောင်းသူလေးများက   သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ရွှေဘိုမြို့ အမှတ်(၂)၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသ ထားသည့် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်ပြဘုတ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။ အခမ်းအနားသို့ ကျောင်းသားကျောင်းသူ စုစုပေါင်း(၆၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။    


    
စိုးသီဟ(ကုန်းဘောင်)

 

IMG_201