လူမှုအဖွဲ့အစည်းတစ်ခုအတွင်း ပါဝင်ဖွဲ့စည်းထားသူများတွင် မွေးဖွားကြီးပြင်းလာရာ ရေမြေနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ပညာရေး အခြေခံ စသည်တို့ပေါ် မူတည်၍ လောကအမြင်၊ ဘဝအမြင်၊ စိတ်နေသဘောထား၊ ယုံကြည်ကိုးကွယ်မှု၊ အယူအဆ၊ အတွေးအခေါ် စသည်တို့ မတူညီကြ။ ဆုံးဖြတ်ဆောင်ရွက်ပုံ မတူခြားနား ကွဲပြားကြ။
ထို မတူကွဲပြားမှုများကြားမှာပင် လူတို့ အဆင်ပြေသင့်မြတ်အောင် နေကြရ၏။ မိမိရှေ့က စိုက်ပျိုးထားခဲ့ကြသည့် လောကအသီးအပွင့်များကို စားသုံးခံစားကြ၏။ ပြီးတော့ အနာဂတ်လောက ပိုမိုကောင်းမွန်ရေး အကျိုးငှာ မိမိတတ်နိုင်သလောက် ပြန်လည်စိုက်ပျိုး ရေလောင်းပေါင်းသင် ကြ၏။ မိမိကိုယ်တိုင်နှင့်တကွ မိမိ၏ လူမှုအဖွဲ့အစည်းတစ်ရပ်လုံး ငြိမ်းချမ်းသာယာရေးကို ဝိုင်းဝန်းတည်ဆောက်ကြ၏။ ငြိမ်းချမ်း သာယာရေးဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများသက်သက်ပေါ်တွင် သာမက စိတ်ပိုင်းဆိုင်ရာ အေးချမ်းလုံခြုံခြင်းတို့ပါ ပါဝင်၏။
အရှင်းဆုံးဆိုရလျှင် လူသားတို့၏ ရုပ်ပိုင်းစိတ်ပိုင်း လုံခြုံအေးချမ်း သာယာရေးက လူတိုင်းအတွက် အရေးကြီးဆုံးဟု ဆိုရပါမည်။ ထိုသို့သော အေးချမ်းသာယာမှုက ယေဘုယျအားဖြင့် လူတိုင်းလိုချင်ကြသည်ဟု ဆိုရသော်လည်း ယနေ့ မြန်မာနိုင်ငံအတွင်း၌ အချို့သော ကြမ်းတမ်း ခက်ထန်မှုများ၊ အကြမ်းဖက်ရုန့်ရင်းမှုများက ပြည်သူတို့၏ အေးချမ်း သာယာရေးကို ထိပါးလာနေပြီ။
ပြောဆိုညှိနှိုင်းမရရုံမျှဖြင့် လူတစ်ဦးက အခြားသူတစ်ဦးကို နာနာကျင်ကျင် ထိထိခိုက်ခိုက်လုပ်ရာမှ ဒေါသက အနိုင်ရပြီး အသက် ဆုံးရှုံးရသည်အထိ လူမြင်ကွင်းမှာ ရက်ရက်စက်စက် ရိုက်နှက်ကြသည့် မြင်ကွင်းများ၊ အမြင်ချင်း၊ သဘောထားချင်းမတူသည်ကို အကြောင်းပြု၍ လူစုလူဝေးကြားမှာပင် လက်နက်ဖြင့် သတ်ဖြတ်မှုသတင်းများက လူလူချင်း စာနာစိတ်၊ မေတ္တာစိတ် အလွန့်အလွန်ခေါင်းပါးနေခြင်းကို လည်းကောင်း၊ ဥပဒေစိုးမိုးမှု လွန်စွာလိုအပ်နေသည်ဆိုခြင်းကိုလည်းကောင်း ဖော်ပြနေ သည့် ထင်ရှားသောသာဓကများ ဖြစ်ပါသည်။
မိမိနှင့် အယူအဆမတူသော အဆိုအမိန့်တစ်ခုကို ကြားလိုက်သည့် အခါ သို့မဟုတ် သဘောထားချင်းမတိုက်ဆိုင်သော စာတစ်ပုဒ်ကို ဖတ်လိုက် ရသည့်အခါ ငါ မှ ငါ၊ ငါ့ အယူအဆမှ ငါ့ အယူအဆ၊ ငါ့ ထင်မြင်ချက်ကသာ အမှန်တရားဟူသည့် သဘောထားဖြင့် မကြားဝံ့မနာသာ ဖြစ်လွန်းစရာသော ရုန့်ရင်းကြမ်းတမ်းလှသည့် ဆဲဆိုသံများ၊ တစ်ဖက်သားကို နှိမ့်ချလွန်းသည့် အလွန်ရိုင်းပျလှသော တုံ့ပြန်ရေးသားမှုများက သဘောထားကြီးမြင့်မှု၊ လူကြီးလူကောင်းစိတ်ဓာတ် ဆိုသည်တို့နှင့် အလှမ်းဝေးနေသည်ကို ထင်ဟပ်နေသည့် နမူနာများဖြစ်ပါသည်။
ပင်ကိုအားဖြင့် မြန်မာလူမျိုးတို့၏ အခြေခံစိတ်သဘောထားမှာ လွန်စွာနူးညံ့သည်၊ ချိုသာဖော်ရွေသည်ဟု နားလည်ခဲ့ကြ၊ သဘောပေါက် ခဲ့ကြသော နိုင်ငံခြားသားတို့သည်ပင် အံ့အားသင့်စွာ ဝေဖန်လာကြသည် ကို တွေ့ မြင်ဖတ်ရှုနေရပါသည်။
ပြည်သူအများစု လိုချင်သော ငြိမ်းချမ်းတည်ငြိမ်သည့် လူမှုအဖွဲ့ အစည်းတစ်ခု ထူထောင်နိုင်ရေးဟူသည်ကား လူသားချင်းစာနာစိတ် အပြန်အလှန်ထားနိုင်မှု၊ မေတ္တာစိတ်ပွားများနိုင်ကြမှုနှင့် နိုင်ငံအတွင်း ဥပဒေစိုးမိုးမှု မည်မျှလောက်ရှိသည် ဆိုခြင်းပေါ် မူတည်ပါ၏။
လူလူချင်း မေတ္တာစိတ်ပွားများခြင်းဟူသည်က မိမိကိုယ်တိုင်၏ ကိုယ်ကျင့်သီလနှင့် သိက္ခာကို စောင့်ထိန်းမှုအပေါ်အခြေခံပြီး တရားဥပဒေ စိုးမိုးမှုဆိုသည်ကား ဥပဒေဘက်သား ဝန်ထမ်းများအပါအဝင် တာဝန်ရှိသူ အားလုံး၏ အဓိကတာဝန်ဖြစ်သကဲ့သို့ ဥပဒေကို လိုက်နာစောင့်ထိန်း အပ်သော နိုင်ငံသားအားလုံး၏ သိရှိနားလည်မှုနှင့်လည်း ဆက်စပ် ပတ်သက်နေသည်ဟု ထင်မြင်ယူဆပါကြောင်း။ ။
မြန်မာ့အလင်း