မြစ်ကြီးနား  နိုဝင်ဘာ  ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်  လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး  ဦးဉာဏ်ထွန်း၊ သိပ္ပံနှင့်     နည်းပညာဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး  ဒေါက်တာ မျိုးသိန်းကျော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် မြန်မာ-တရုတ်-အိန္ဒိယ ကုန်စည်စီးဆင်းဖလှယ်ရေးအသင်းဥက္ကဋ္ဌတို့က လူမျိုးပေါင်းစုံယဉ်ကျေးမှု ဖလှယ် ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်   အခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊  လီဆူ၊  ရဝမ် မျိုးနွယ်စု ခြောက်မျိုး၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာတိုင်းရင်းသား  မျိုးနွယ်စုတို့နှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိကြသည့် ကရင်၊ ရခိုင်၊ ချင်းတိုင်းရင်း သားများစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များ၊ တရုတ်၊ ဂေါ်ရခါး၊ ဆစ်ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်း အကအဖွဲ့ ၂၂ ဖွဲ့ တို့က ရိုးရာယဉ်ကျေးမှုအလိုက် ဓလေ့ထုံးစံများကို ထုတ်ဖော်ပြသသည့် တေးသီချင်း၊ သရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေကပြတင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အကအဖွဲ့ ၂၂ ဖွဲ့အတွက်  တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်းဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၂၀ ကို အကအဖွဲ့များထံ ပေးအပ်ချီးမြှင့်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပသည့် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ  အမျိုးသားအလွတ်တန်း  ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးကြသည်။ ဗိုလ်လုပွဲစဉ်အဖြစ် လာချိဒ်တိုင်းရင်းသား မျိုးနွယ်စုဘောလုံးအသင်းနှင့် ဇိုင်းဝါးတိုင်းရင်းသားမျိုးနွယ်စုဘောလုံးအသင်းတို့ အကြိတ်အနယ်  ယှဉ်ပြိုင်ကစားကြရာ ဇိုင်းဝါးမျိုးနွယ်စုအသင်းက သုံးဂိုး - နှစ်ဂိုးဖြင့်  အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အသင်းလိုက်  တတိယဆုရသည့် လော်ဝေါ်မျိုးနွယ်စုအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် ဒုတိယဆုရ လာချိဒ်မျိုးနွယ်စုအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို လည်းကောင်း ​ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က  ပထမဆုရ ဇိုင်းဝါးမျိုးနွယ်စုအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့် ငွေကျပ် သိန်း ၃၀ နှင့် တံခွန်စိုက် ဆုဖလားတို့ကို  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)