လူမျိုးရေးခွဲခြားမှုအပေါ် စိုးရိမ်မှုများအတွက် နယူးယောက်မြို့မှ ရုစဗဲ့၏ရုပ်တုကို ဖယ်ရှားမည်

နယူးယောက် ၂၃ ဇွန်

 

လူမျိုးရေးခွဲခြားမှုနှင့် ကိုလိုနီသင်္ကေတအဖြစ် ကာလရှည်ကြာ ဝေဖန်ခံနေရသည့် အမေရိကန် သမ္မတဟောင်း သီအိုဒို ရုစဗဲ့၏ ရုပ်တုကို ဖယ်ရှား တော့မည်ဟု ဇွန် ၂၁ ရက်က နယူးယောက်မြို့တွင် ကြေညာခဲ့သည်။

 

သို့သော် ရုပ်တုဖယ်ရှားရေးနှင့် ပတ်သက်ပြီး သမ္မတထရမ့်က ဝေဖန်လျက်ရှိသည်။ လက်နက်မဲ့လူမည်း အမျိုးသား ဂျော့ဂျ်ဖလွိုဒ်ကို ရဲများ ဖမ်းဆီးထားစဉ်အတွင်း သေဆုံးသွားသည့်ဖြစ်ရပ်နှင့် ပတ်သက်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်မှုများ ပျံ့နှံ့ပေါ်ပေါက်လျက်ရှိသည်။ ။

 

ရုစဗဲ့၏ ကြေးရုပ်တုမှာ အမေရိကန် သဘာဝသမိုင်းပြတိုက် ဝင်ပေါက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကတည်းက ထားရှိခဲ့ခြင်းဖြစ်ပြီး ရုစဗဲ့ မှာ မြင်းပေါ်မှလိုက်ပြီး လူမည်း အမျိုးသားတစ်ဦးနှင့် အမေရိကန် မူလတိုင်းရင်းသားတစ်ဦးတို့မှာ မြေပြင်ပေါ်မှ ခြေကျင်လိုက်ရသည့်ပုံ ထုလုပ်ထားသည်။ ယခု ကမ္ဘာတစ်ဝန်းနှင့် နိုင်ငံအတွင်းတို့တွင် ရုပ်တုများအပေါ် အာရုံစိုက်နေပြီး တချို့သောရုပ်တု သင်္ကေတများမှာ လူမျိုးရေးခွဲခြားမှုစနစ်၏ စိတ်ထိခိုက်ဖွယ်ပြယုဂ်များ ဖြစ်နေသည်ကို သတိပြုမိသည်ဟု ပြတိုက်မှ ပြောသည်။

 

နယူးယောက်မြို့အာဏာပိုင်များကလည်း ပြတိုက်မှတာဝန်ရှိသူများ၏ ရုပ်တုဖယ်ရှားပေးရေး တောင်းဆိုချက်ကို လိုက်လျောပေးရန် သဘောတူခဲ့ကြသည်။ ရုစဗဲ့သည် ၂၀ ရာစု အတွင်း အမေရိကန်၏ ၂၆ ယောက်မြောက်သမ္မတ ဖြစ်ခဲ့သည်။ ရုစဗဲ့၏ မိသားစုကလည်း ရုပ်တုဖယ်ရှားရေးကို လက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန် သမ္မတထရမ့်ကမူ ရုပ်တု ဖယ်ရှားပစ်ရန် ဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပြီး အဓိပ္ပာယ်မရှိသည့်လုပ်ရပ်ဟု ပြောကြားခဲ့သည်။

 

အေအက်ဖ်ပီ