နေပြည်တော် ၂၇ စက်တင်ဘာ
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော နိုင်ငံသစ်အဖြစ် တည်ထောင်ရေးကို အားသွန်ခွန်စိုက် ကြိုးစားနေရသည့်အချိန် ဖြစ်ပါ သည်။
ဤသို့ဤနှယ် ကြိုးပမ်းရာတွင် နိုင်ငံရေးအနေအထား တည်ငြိမ်မှုရရန်၊ စီးပွားရေး တိုးတက်မြင့်မားလာရန် စသည့်ရည်မှန်းချက်တို့နှင့်အတူ အခြေခံကျလှသော နိုင်ငံသားတိုင်း၏ တန်းတူညီမျှမှုကို တည်ဆောက်ရေးကလည်း ရည်မှန်းချက်ကြီးတစ်ခု ဖြစ်ပါသည်။
အမှန်တော့ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလကတည်းက ဦးတည်ခဲ့သော တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ၊ တန်းတူညီမျှ ဝါဒဖြူစင်တဲ့မြေ ဟူသည်မှာလည်း ဤသည်ကိုပဲ ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံသားတိုင်း တန်းတူညီမျှ အမှန်တကယ်ရစေဖို့ဆိုသည်က အတော်ပင် မလွယ်ကူသော ရည်မှန်းချက်တစ်ခု ဖြစ်ပါသည်။
ပုံမှန်အားဖြင့် လူသားတို့ မွေးဖွားလာချိန်ကစသည်နှင့် တန်းတူညီမျှ မဖြစ်နိုင်သည့် ဝန်းကျင်နှင့် အာဝါသကရှိပြီးဖြစ်နေပြီးသား။ မွေးဖွားလာသည့် ရေမြေက ဘယ်မှာနည်း။ စစ်ပွဲများကြားမှာ မွေးဖွားသည်လား၊ လူကုံထံကြေးရတတ်တို့ကြား အသိုင်းအဝိုင်း၏ ယုယပြုစုမှုများကြားမှာ ရွှေလင်ပန်းဖြင့် အချင်းဆေးလာခဲ့ကြသည်လား ဆိုသည်ကစ မတူကွဲပြားခြင်းက ရှိနေသည်။ သို့သော်လည်း တန်းတူညီမျှမှုကို တည်ဆောက်ပေးနိုင်သည့် လူမှုအဖွဲ့အစည်းကမူ မည်သည့်နေရာကပင် ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ မွေးဖွားလာသည့် ကလေးတိုင်းကို တူညီသော ကျန်းမာရေး အစောင့်အရှောက် ညီညီမျှမျှ ပေးနိုင်မည်ဆိုလျှင်၊ မွေးဖွားလာသည့် ကလေးတိုင်းကို ပညာသင်ကြားနိုင်သည့် တူညီသောဝန်းကျင်အနေအထား ဖန်တီးပေးနိုင်မည်ဆိုလျှင်မူ လူမှုရေး တန်းတူညီမျှမှုနှင့် နီးစပ်လာပြီဟု ဆိုရပါမည်။
လူမှုအဖွဲ့အစည်း၏ တန်းတူညီမျှမှု စံနှုန်းများကို ဖွင့်ဆိုသည့်အခါတွင် နိုင်ငံရေးအရဆိုလျှင် နိုင်ငံသားတိုင်းသည် သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြားနှင့် ကိုက်ညီပါက မဲပေးပိုင်ခွင့်၊ ကိုယ်တိုင်ဝင်ရောက် အရွေးခံနိုင်ခွင့် စသည်တို့ကို ရည်ညွှန်းပြောဆိုသကဲ့သို့ စီးပွားရေးအရ ဆိုလျှင်လည်း မည်သူက ပို၍အခွင့်ထူးခံရ စီးပွားရေးလုပ်ကွက်များရကာ မည်သူက ထိုလုပ်ငန်းများဆီသို့ အနားမှမသီနိုင်ဆိုတာမျိုး မဖြစ်ရေးကို ညွှန်းဆိုပါသည်။
နိုင်ငံတွင်းရှိ သယံဇာတများ၊ သဘာဝရင်းမြစ်များဖြစ်သည့် သစ်တောများကအစ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် တန်ဖိုးရှိသည်တို့ကို မည်သူတို့က စီမံခန့်ခွဲအသုံးပြု ရယူနေသနည်း။ ပြည်သူလူထု၏ လက်တွင်းသို့ မည်သို့မည်ပုံ ခွဲဝေရရှိနေသနည်းဆိုသည်တို့က အရေးပါသော တန်းတူညီမျှမှုကို တိုင်းတာနေသည့် ပြဒါးတိုင်ပဲဖြစ်ပါသည်။
တရားစီရင်ရေးစနစ်တွင်လည်း ထိုနည်းနှင်နှင်။
ငွေများတရားနိုင် စနစ်အောက်တွင် မည်သို့သော တန်းတူညီမှုမျှ မရှိနိုင်။ ရာထူးအာဏာရှိသူတို့က ဥပဒေ၏အပေါ်မှာ ရှိနေသည်ဆို ကတည်းက ညီမျှမှု ပျက်စီးယိုယွင်းနေသော လူမှုအဖွဲ့အစည်း ဖြစ်ချေတော့မည်။
အချုပ်ကိုဆိုရလျှင် နိုင်ငံသားတို့၏ တန်းတူညီမှုဟု ဆိုသည်နှင့် ဆင်းရဲချမ်းသာမရွေး၊ အသားဖြူမည်း မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ကျားရယ်၊ မရယ်မရွေး အားလုံးတူညီမျှတသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းနှင့် ဝန်းကျင်တို့ကို ဖန်တီးပေးနိုင်မှုပေါ်တွင် လုံးလုံးလျားလျား အခြေတည်နေသည်ပဲဖြစ်၏။
မွေးဖွားလာသည့် အခြေအနေမည်သို့ပင် မတူညီကြစေကာမူ ပညာသင်ယူနိုင်ခွင့်၊ ကျန်းမာရေး အစောင့်အရှောက်ရနိုင်ခွင့်၊ စီးပွားရေး လုပ်ကိုင်နိုင်ခွင့်၊ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ပတ်သက်နိုင်ခွင့်တို့က တူညီသည့် အခွင့်အရေးဖြစ်ဖို့လိုပါသည်။ ထိုသို့ တန်းတူညီမျှရှိဖို့ကို ယနေ့ ဝိုင်းဝန်းတည်ဆောက်နေကြသည်ပဲ ဖြစ်ပါသည်။ မိမိက ဓနအင်အားကြီးလို့ဖြစ်စေ၊ ဗလအင်အားကြီးလို့ဖြစ်စေ လုပ်ကွက်ပိုမရနိုင်။ မဲပိုပေး ခွင့်မရနိုင်။ အာဏာကုလားထိုင်ပေါ် အခွင့်ထူးဖြင့် တက်ရောက်နေရာယူလို့ မရနိုင်။ ယင်းသို့သော ညီမျှမှုများကို ဥပဒေ၊ အခြေခံဥပဒေတို့က အာမခံ ပေးထားခြင်းသည် လည်းကောင်း၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ နှင့် လုပ်ငန်းစဉ်တို့အတိုင်း အမှန်တကယ် အကောင်ထည်ဖော်ခြင်းတို့သည်လည်းကောင်း တန်းတူညီမျှမှု၏ အခြေခံများပင် ဖြစ်ပါသည်။
နိုင်ငံသားတိုင်း တန်းတူညီမျှရေးဆိုသည်က ဒီမိုကရေစီနိုင်ငံတော်သစ်၏ ရည်မှန်းချက်ကြီးတစ်ခုဖြစ်၏။ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်နေသည့် အခြေခံအကျဆုံး အရာဖြစ်သည့်အတွက် နိုင်ငံသားတို့ကိုယ်တိုင်က လည်းတက်ကြွစွာ ပါဝင်ပတ်သက်နိုင်ရန် လိုအပ်ပါသည်ဟူ၍ တင်ပြ လိုက်ရပါသည်။ ။
မြန်မာ့အလင်း