ကျောက်ဆည်၊ ဇူလှိုင်-၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်တွင် ကျေးရွာ(၂)ရွာမှ ပြည်သူ(၁၆၈၀)ဦး လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်-ငှက္ကတောင် လမ်းအား ကတ္တရာထပ်ပိုးလွှာများ ခင်းပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နှင့် ဆက်သွယ်ထားသည့် ကျောက်ဆည်-ငှက္ကတောင်လမ်းသည် ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာမှုကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံကျေးရွာများဖြစ်သည့် ငှက္ကတောင်ကျေးရွာနှင့် တောင်နံ့သာကျေးရွာတို့မှ ပြည်သူများ ကျောက်ဆည်မြို့သို့သွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် သတ်မှတ် ကာလတွင်ပြီးစီးရေး လမ်းအပိုင်း(၁)နှင့်လမ်းအပိုင်း(၂)ခွဲ၍ ကတ္တရာထပ်ပိုးလွှာများခင်းပေးလျက်ရာ အရှည်(၀.၈၀၅) ကီလိုမီတာ လမ်းအပိုင်း(၁)အား Naganet ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အရှည်(၀.၈၀၄) ကီလိုမီတာအား မဟာမြေဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်များနှင့် အချိန်မီပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ငှက္ကတောင်၊ တောင်နံ့သာကျေးရွာများမှ အိမ်ခြေ (၃၃၈)အိမ်၊ လူဦးရေ(၁၆၈၀)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်နှင့် ကုန်ကျစရိတ်များ သက်သာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)