ယနေ့သည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဖြစ်သည်။ ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည့် အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့သည် ယခုနှစ်တွင် ရာပြည့်အကြိုကာလသို့ ရောက်ရှိခဲ့ပြီဖြစ် သည်။ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် ဆန္ဒတူညီသူများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည့် သမဝါယမအဖွဲ့ အစည်းများသည် “အများအကျိုးအတွက် တစ်ဦးချင်းစီက၊ တစ်ဦးချင်းစီအကျိုးအတွက် အများက” အပြန်အလှန် အကျိုးပြုရေးကို ဦးတည်ရည်ရွယ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးတွင် ကျရောက်နေသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၏ ဆောင်ပုဒ်မှာ " Rebuild Better Together" “လူမှုစီးပွားပိုမို တိုးတက်ကောင်းမွန်ဖို့၊ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်စို့” ဟူ၍ ဖြစ်သည်။

 

သမဝါယမ၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာပါက အခက်အခဲ၊ အကျပ်အတည်းများမှ လွတ်မြောက်ရေး အတွက် စုပေါင်းအင်အားဖြင့် အတူတကွရုန်းကန်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉ ရာစု အစောပိုင်းကာလ ဥရောပတွင် စက်မှုတော်လှန်ရေး၏ ရိုက်ခတ်မှုကိုခံစားကြရသည့် အိမ်တွင်းစက်မှုလက်မှုနှင့် အထည်ရက်လုပ်ငန်းများမှ အလုပ်သမားများ စီးပွားရေးနှင့် လူမှုရေးအကျပ်အတည်းများမှ လွတ်မြောက်နိုင်ရေး အတွက် သမဝါယမစနစ်ကို တီထွင်ကြံဆဆောင်ရွက်ခဲ့ကြရာမှ ကမ္ဘာတွင် သမဝါယမများ အောင်မြင်မှု ရရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ ငွေစုငွေချေး သမဝါယမအသင်း ဖွဲ့စည်းခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ရာ “မြန်မာ့သမဝါယမအစ မြင်းမူက” ဟူ၍ အဆိုရှိသည်။ မြင်းမူငွေစုငွေချေးသမဝါယမမှ စတင်ရေတွက်ပါက မြန်မာနိုင်ငံသို့ သမဝါယမစနစ် စတင်ရောက်ရှိသည်မှာ နှစ်ပေါင်း ၁၁၆ နှစ်ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာ့သမဝါယမ၏ မျှော်မှန်းချက်မှာ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးထမ်းဆောင်နိုင်ရန် လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် လူမှုစီးပွားတည်ဆောက်မှု သမဝါယမပုံရိပ်လွှာကို ထိန်းသိမ်းကာကွယ်ရင်း ဖွံ့ဖြိုးတိုးတက်စေ ရန်ဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် သမဝါယမ အသင်းပေါင်း လေးသောင်းကျော်နှင့် အသင်းသားပေါင်း ၄ ဒသမ ၂၅ သန်းတို့ ရှိနေသည်။

 

ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ တစ်ကမ္ဘာလုံးကို ကျရောက်မှုနှင့်အတူ ကျန်းမာရေးကဏ္ဍအပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသည်ဖြင့် လူ့ရေးလူရာကဏ္ဍအားလုံးတွင် တစ်နည်းနည်းဖြင့် ထိခိုက် ခံစားနေကြရသည်။ ယင်းအခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ တစ်ဦးချင်းတစ်ယောက်ချင်း ရုန်းကန်၍ မရဘဲ အများစုပေါင်းအင်အားဖြင့် ပူးပေါင်းရင်ဆိုင်မှသာ အခက်အခဲ အကျပ်အတည်းတို့ကို ကျော်လွှား လွန်မြောက်နိုင်မည်ဖြစ်သည်။ ကိုဗစ်အလွန်ကာလ ပြန်လည်ထူထောင်ကြရာတွင် ပိုမိုကောင်းမွန်သည့် အနေအထားတစ်ရပ်ဆီသို့ ရောက်ရှိစေရေးနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်သည်။

 

သမဝါယမအသင်းများသည် ဆန္ဒအလျောက် ပူးပေါင်းကြသူများက မိမိတို့၏ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှု ဆိုင်ရာ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်ရန်အတွက် ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲသည့် စီးပွားရေးအဖွဲ့ အစည်းများဖြစ်သည်။ အများအကျိုး ကိုယ့်အကျိုးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရသည့် သမဝါယမစနစ်ကို ခေတ်နှင့်လျော်ညီစွာ ဖော်ဆောင်လုပ်ကိုင်ကြရာတွင် ဈေးကွက် စီးပွားရေးစနစ်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အောင်မြင်တိုးတက်သော အဖွဲ့အစည်းများအဖြစ် ပီပီပြင်ပြင် ထွက်ပေါ်လာနိုင်ကြပါစေကြောင်း။    ။

မြန်မာ့အလင်း