ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ဆောင်ရွက် မည့်ကိစ္စကို ယမန်နှစ် အောက်တိုဘာလက ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားစီမံကိန်း ကော်မရှင် (၁/၂၀၁၈) အစည်းအဝေးနှင့် ဘဏ္ဍာရေး ကော်မရှင်(၁/၂၀၁၈) အစည်းအဝေးတို့တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအမံများအား နိုင်ငံတော်သမ္မတက လမ်းညွှန် မှာကြားခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ အစဉ်အဆက် သတ်မှတ်ဆောင်ရွက်ခဲ့ရာမှ ယခုလာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ခြင်းသည် အရပ်သားအစိုးရလက်ထက် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍ၌ ထူးခြားသော ပြုပြင်ပြောင်းလဲမှု တစ်ခုဟု ဆိုရမည်ဖြစ်သည်။
ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ရာတွင် လက်ရှိ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ပြောင်းလဲကျင့်သုံးမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်တို့အကြား ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလမှာ ကြားကာလဖြစ်သည်။ ထိုကြားကာလကို “ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလ”အဖြစ် သတ်မှတ်ပြီး ပေါင်းကူး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်သွားမည်ဟု သိရသည်။ ထိုကာလအတွင်း ဆောင်ရွက်မည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် ဦးစားပေးအစီအစဉ်များအား ခြောက်လတာ အမျိုးသားစီမံကိန်း ဥပဒေကြမ်းရေးဆွဲ ပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သည်။
အဆိုပါ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်ပြောင်းလဲရေး ကြားကာလသည် အလွန်အရေးကြီးသည်။ ခြောက်လတာ စီမံကိန်း ရည်မှန်းချက်များသည် ပြည်သူအတွက် လတ်တလော ဖြည့်ဆည်းပေးရမည့် အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းများနှင့် လာမည့်ဘဏ္ဍာရေး နှစ်သစ်အတွက် မလုပ်မဖြစ် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြား ထားသည်။
ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲစနစ်၊ အုပ်ချုပ်မှုစနစ် ပြောင်းလဲခြင်းနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းများ ဆီလျော်ကိုက်ညီမှု မရှိသည်ကို တွေ့ရသည်။ ထို့အပြင် စီမံကိန်းလုပ်ငန်းများ သာမက ပြည်သူများ၏ လူမှုစီးပွားဘဝများတွင်လည်း လိုအပ်ချက်များ ရှိနေသည်ကိုတွေ့ရသဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် ယခုကဲ့သို့ ပြုပြင်ပြောင်းလဲခြင်းကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဘဏ္ဍာရေးနှစ်ကို ထိုသို့ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် မိုးရွာသွန်းမှုကြောင့် ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်းများကို ဆိုင်းငံ့ထားစရာမလိုတော့ဘဲ ပွင့်လင်းရာသီကာလတွင် လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှုမရှိ လုပ်ကိုင်နိုင်မည့်အပြင် ဘတ်ဂျက်ပိတ်ချိန်နှင့် အများပြည်သူအားလပ်ရက်တို့ တိုက်ဆိုင်မှု မရှိတော့ဘဲ အလုပ်အကိုင်နှင့် ငွေကြေးစီးဆင်းမှု လွယ်ကူချောမွေ့သွားမည်ဖြစ်သည်။
ယခင်က ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ကိုလု၍ လုပ်ငန်းများအား တွန်းလုပ်သဖြင့် အရည်အသွေးမမီခြင်း၊ လုပ်ငန်းများ မပြီးခြင်း၊ နောင်နှစ်ဘတ်ဂျက်သို့ ကူးပြောင်းခြင်းများ လျော့နည်းသက်သာစေမည် ဖြစ်သည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတကာ အလေ့အကျင့်များနှင့် တစ်သားတည်းဖြစ်စေ ခြင်း၊ မုတ်သုံရာသီအတွက် လုံလောက်စွာပြင်ဆင်နိုင်ခြင်း၊ စိုက်ပျိုးရေး ကိန်းဂဏန်းများကို ပိုမိုအသုံးပြုနိုင်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ မုတ်သုံရှောင်နိုင်ခြင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ လွယ်ကူလာခြင်းစသည့် အားသာချက်များ ရရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ဘဏ္ဍာရေးနှစ် အပြောင်းအလဲ ခြောက်လတာကာလမှာ အပြောင်းအလဲတစ်ခုအတွက် အရေးကြီးသော ခြေလှမ်းဖြစ်သဖြင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်းကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။