သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - လှမျိုးအောင်
မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် တင်စားခေါ်ဝေါ်ရသည့် ဆန်စပါးအများဆုံး စိုက်ပျိုးထွက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီးတွင် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှု စီးပွားဘဝနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို စီမံကိန်းများ စနစ်တကျချမှတ်ကာ အားသွန်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် အုပ်ချုပ် ရေး၊ စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ သစ်တော၊ မွေးမြူရေး၊ မြို့ပြနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ စည်ပင်သာယာရေး၊ ကျေးလက်ရေရရှိရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် စီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဖော်ဆောင်လျက်ရှိသည်။
လူဦးရေ ၆၃ သိန်းကျော်နေထိုင်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်သူလူထု လိုလား သည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံ ရာအိမ်မှူး ၂၁၁၄၃ ဦးကို သင်တန်းများပေးခြင်း၊ မြို့နယ်များနှင့် မြို့နှင့် လက်လှမ်းမမီသော နေရာများတွင် အုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်ပြီး တိုင်းဒေသကြီးအတွင်း နယ်မြေများလွှမ်း ခြုံနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့နယ်အုပ်ချုပ်ရေးဌာနများမှ တာဝန်ရှိသူများက ကွင်းဆင်းကာ လူထုတွေ့ဆုံပွဲ များကို တစ်လ (၂)ကြိမ်ပြုလုပ်ခြင်းတို့ဖြင့် ပြည်သူများ၏တင်ပြချက်များကို အလေးထားဖြေရှင်း ဆောင် ရွက်ပေးလျက်ရှိသည်။
“လူထုတွေ့ဆုံပွဲတွေအနေနဲ့ မြို့နယ်တွေမှာ အုပ်ချုပ်မှုပိုမိုကောင်းမွန်ဖို့အတွက် မြို့နဲ့ လက်လှမ်းမမီတဲ့နေရာ တွေကို မြို့နယ်အဆင့် လူထုတွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ဖို့အတွက် တစ်လလျှင် နှစ်ကြိမ်ကွင်းဆင်းပြီး ပြည်သူတွေရဲ့ တင်ပြချက်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လူထုတွေ့ဆုံပွဲတွေမှာ Mobile Service Delivery လုပ်ငန်းတွေနဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း တစ်သန်းကျော်ကို ထုတ်ပေးနိုင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူ ၁၉၆ ဦးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့သည်။
စီမံကိန်းကဏ္ဍတွင် လူတစ်ဦး၏ ပျမ်းမျှ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၅၇၂၅၆၃ ကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၇၆၇ဝ၄၄ ကျပ်နှင့် ၂၀၁၈- ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၀၄၃၃၄၇ ကျပ်ရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၁၃၇၀၈၆ ကျပ်ရရှိရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ရည်မှန်းဆောင်ရွက်လျက် ရှိသည်။
“လူတစ်ဦးရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်း၊ ငွေကျပ် ၂၁ သိန်းကျော်ရရှိဖို့အတွက် မျှော်မှန်းဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ ပုံမှန်နှစ်များထက် ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အတည်ပြုမိန့် ၁၇ ခုကို ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၇)ခုမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၈၄ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၁၀)ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏငွေကျပ် ၃၅၆၉၄ ဒသမ ၇၇၄ သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၇၆၆ နေရာကို ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် ကန်ကြီးထောင့် မြို့နယ်တွင် Pathein Industrial City ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာစေရန် ဖိတ်ခေါ်လျက်ရှိသည့် အပြင် မအူပင်မြို့နယ်တွင် တည်ရှိသည့် Maubin Industrial Park တွင် အထည်ချုပ် စက်ရုံများနှင့် ဖိနပ်စက်ရုံများ ဝင်ရောက်ရန် အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး ကို အခြေခံသည့် တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အဖြစ် သစ်စိမ်းမြေဩဇ (ပိုက်ဆံလွှဲ)ကို ခရိုင် အောက်ခရိုင်ရှိ လယ်မြေဧက ၉၉၃ ဧကတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှိုင်းယှဉ် စမ်းသပ်ကွက်များအရ တစ်ဧကအထွက်နှုန်း ၃ ဒသမ ၆ တင်းမှ ၈ ဒသမ ၃ တင်းအထိ ပိုမို ထွက်ရှိခဲ့သည်။
“၂၀၁၉ ခုနှစ် ဆောင်းရာသီတွင် ပိုက်ဆံ လျှော်မျိုးစေ့ထုတ်စိုက်ဧက ၃၉၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့တင်းပေါင်း ၃၉၅၀ နီးပါး ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် မိုးရာသီမှာ ဧက ၁၆၀ဝ၀ ခန့် သစ်စိမ်းမြေဩဇာ မြေမြှုပ်ခြင်းလုပ်ငန်းကိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
၂၀၁၉ ခုနှစ် ဆောင်းရာသီတွင် ပြောင်း သီးနှံစိုက်ဧက ၁ ဒသမ ၅၃ သိန်း၌ ငမြှောင် တောင်ဖျက်ပိုးအသစ်(FAW) ကျရောက်မှု ဖြစ်ပေါ်ခဲ့ရာ ပြောင်းစိုက်တောင်သူများကို နိုင်ငံတော်နှင့် ကုမ္ပဏီအဖွဲ့အစည်းများက ကောင်းကင် ဆေးဖျန်းစက် ငါးစီး၊ ကျောပိုးဆေး ဖျန်းစက်အလုံး ၁၅၀၊ ဓာတုပိုးသတ်ဆေးဧက ၂၃၀ဝ အတွက် ပံ့ပိုးကူညီခဲ့ပြီး တိုင်းဒေသကြီး အတွင်းရှိ ပြောင်းသီးနှံစိုက်ဧကပေါင်း ၄၅၉၆၇ ဧကတွင် ပိုးသတ်ဆေးဖျန်းခြင်းကို တိုင်းဒေသကြီးအစိုးရနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းကာ ဖျက်ပိုးကာကွယ် နှိမ်နင်း ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။
“မြို့နယ်တိုင်းမှာ ဖျက်ပိုးကျရောက် လာရင် ကာကွယ်နှိမ်နင်းဖို့ ကျောပိုးအိတ်ဖျန်းစက် အလုံး ၂၆ဝ နဲ့ ပိုးသတ်ဆေး/ရောဂါသတ်ဆေးဧက ၅၂၀ဝ ကို အရန်သင့် စုဆောင်းထားရှိပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းများ၌ မရှိမဖြစ်လိုအပ် သည့် စိုက်ခင်းများတွင် အောင်ရေရရှိပြီး စိုက် ဧက တိုးတက်စေရန် သုံးလက်မ စက်ရေတွင်း ၇၉တွင်း တူးဖော်ပေးနိုင်ခဲ့သည့်အတွက် စိုက်ပျိုး ဧက ၁၁၈၅ ဧကကို အကျိုးပြုလျက်ရှိသည်။
ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်း ဧက ၁၆၆၀ဝ၀၊ စပါးရိတ်သိမ်းခြွလေ့ခြင်းလုပ်ငန်း ဧက ၁၁၈၅၁ ဧကနှင့် စက်ဖြင့် စပါးစိုက်ပျိုး ခြင်းလုပ်ငန်း ၂၂၅ ဧကတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် အဆင့်မြင့်လယ်ယာ ဖော်ထုတ် ခြင်းလုပ်ငန်းအနေဖြင့် ဇလွန်မြို့နယ် ပက်တန်း ကျေးရွာတွင် ဧက ၁၅၀၊ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာတွင် ဧက ၁၀ဝ နှင့် မြန်အောင် မြို့နယ် ထန်းသုံးပင်ကျေးရွာတွင် ဧက ၁၀ဝ စုစုပေါင်း ဧက ၃၅၀ ခန့်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ တာတမံ ၅၄ နေရာ ပြုပြင်ပေး နိုင်ခဲ့ပြီး ဒေသခံပြည်သူများ ရေဘေးအန္တရာယ် ကျရောက်မှုမရှိစေရန်နှင့် မိုးစပါးစိုက်ဧက ၈ ဒသမ ၃ သိန်း၊ ရေနုတ်မြောင်း ၁၇၆ မြောင်း တူးဖော်ပေးနိုင်ခဲ့သည့်အတွက် စိုက်ပျိုးဧရိယာ ဧက ၂ဒသမ ၃သိန်းကျော်ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေး နိုင်ခဲ့ပြီး စိုက်ပျိုးရေရရှိရေး အထောက်အကူဖြစ်စေခဲ့သည်။ ထို့ပြင် ရေတံခါး ၃ဝ ပြုပြင်တည်ဆောက်ခဲ့ပြီး အဆိုပါ ရေတံခါးများမှ နွေစပါးစိုက်ဧက တစ်သိန်း အတွက် အကျိုးပြုခဲ့သည်။
တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီအနေဖြင့် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း တိုက်ရိုက်တိုင်ကြားလာသည့် အမှုပေါင်း ၁၆၃၄ အနက် ၉၂၁ မှုကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ ၇၁၃ မှုရှိသည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၅၆ ဒသမ ၄ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၂ ရက်တွင် တောင်သူလယ်သမားနေ့ အခမ်းအနားကို ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စုရှိ အနောက်စုကြီးကျေးရွာ၌တောင်သူအသိပညာ ပြခန်းပေါင်း ၃၆ ခန်းဖြင့် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် သိမ်းဆည်းမြေ ဧရိယာ ၂၉၆၅ ဒသမ ၂၃ ဧကကို တောင်သူ ၆၃၉ ဦး၏လက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့ကာ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များကို ထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
တိုင်းဒေသကြီးအတွင်း သစ်တောမြေ ဧရိယာဧက ၁၅၄၁၂၆၅ ဧကရှိသည့် အနက် သစ်တောပြုန်းတီး မှုများကြောင့် နိုင်ငံတော်ပိုင် စိုက်ခင်းဧက ၆၄၅ဝ ကို စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် မိုးရာသီအတွင်း နိုင်ငံတော်ပိုင် စိုက်ခင်းဧက ၅၈၈၅ ဧက တည်ထောင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ဧကပေါင်း ၇၈၄၇၀၄၀ ကို တည်ထောင်စိုက်ပျိုးထားသည်။
စတုတ္တ(၁)နှစ်တာကာလအတွင်း ငါး မွေးမြူရေးကဏ္ဍတွင် ငါးသားပေါက်ကောင်ရေ ၂၁၈ သိန်းကျော် မျိုးစိုက်ထည့်ပြီး ရေချိုငါးသား ပေါက်စခန်းငါးခုမှ ငါးသားပေါက်ကောင်ရေ သိန်း ၁၂၀ဝ ကျော် ထုတ်လုပ်နိုင်ခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း နည်းဥပဒေ (၁/ ၂၀၁၉)ကို အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။
“တိုင်းဒေသကြီးအတွင်းမှာ ငါးနဲ့ ပုစွန် မွေးမြူရေးကန်တွေရှိတဲ့အတွက် ဒေသတွင်း စားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ်ပါ ထုတ် လုပ်လျက်ရှိပါတယ်။ လပွတ္တာမြို့နယ်အတွင်း ကဏန်းမွေးမြူရေးကန် ၂၇၆ ဒသမ ၉၇ ဧကကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ပြင် တိုင်းဒေသကြီးအတွင်း ဂရန်အင်း ၁၇၇၇ အင်းနဲ့ တင်ဒါပိုက်ချက် ၂၀၆၆ ခုတို့ကို ရေလုပ်သား အစုအဖွဲ့တွေအား အင်းလုပ်ကိုင်ခွင့်တွေ ချထားပေးမှာဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက် ချိန်တွင် တိရစ္ဆာန်များ ခေတ္တနေထိုင်စေရေး အတွက် မြို့နယ် ခုနစ်မြို့နယ်တွင် Animal Safe Land&Shelter ခုနစ်လုံးကို တည်ဆောက်ထားရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဟင်္သာတမြို့နယ် ဝဲကြီးကျေးရွာနှင့် အင်္ဂပူမြို့နယ် နံကပ် ပြင်စုကျေးရွာတို့တွင် Animal Safe Land & Shelter နှစ်ခုကို ၂၀၂၀ ပြည့်နှစ် ဇွန်လအပြီး တည်ဆောက်ပေးသွားမည်ဖြစ်သည်။ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ် ရာတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရန် လမ်းအရှည် ၈၅ ဒသမ ခုနှစ်မိုင်ခန့်အား လမ်းအမျိုးအစားအလိုက် အဆင့်မြှင့်တင်ပေးခြင်းနှင့် တံတား/ရေပြွန် ၅၉ စင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။
ထို့ပြင် အရှည် ပေ ၂၃၈၀ ရှိ ပုသိမ်တံတား အမှတ်(၂) သံမဏိသံပေါင်ကုန်းတံတားကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအကုန်တွင်လည်း ကောင်း၊ အရှည်ပေ ၂၄၆၀ရှိ လမ်းအမှတ် ၁ မှ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး:ဝါးခယ်မ-မြောင်းမြလမ်းပေါ်ရှိစော်ကဲတံတား နှင့် အရှည်ပေ ၂၃၆၀ ရှိ ကျွန်းပြဿဒ်တံတား စသည့် တံတားကြီး နှစ်စင်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အပြီးတည်ဆောက်ရန် လျာထားဆောင်ရွက်လျက် ရှိသည်။
စတုတ္ထ(၁)နှစ်တာကာလအတွင်း ကြိုး တံတားဟောင်းဖြစ်သည့် လပွတ္တာ(ပင်လယ်လေး) တံတားအဆင့်မြှင့် တင်ခြင်း၊ ဂေါ်ရန်ဂျီ ကျွန်းသို့သွားသော အရှည် သုံးမိုင် ခုနစ်ဖာလုံရှိ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု- ဂေါ်ရန် ဂျီလမ်းဖောက်လုပ်ခြင်း၊ အဆိုပါ လမ်းပေါ်ရှိ ချောင်းတံတားကို တည်ဆောက်လျက်ရှိရာ လမ်းနှင့် တံတားပြီးစီးပါက ပုသိမ်မြို့မှဂေါ်ရန် ဂျီကျွန်းသို့ အချိန် သုံးနာရီခွဲခန့်ဖြင့် ရာသီမရွေး သွားလာနိုင်မည်ဖြစ်သည်။
“ဂေါ်ရန်ဂျီကျွန်းကို သွားတဲ့လမ်းနဲ့ ဒီလမ်းပေါ်မှာရှိတဲ့ ချောင်းဝတံတားကို တည်ဆောက်နေပါတယ်။ လမ်းနဲ့ တံတားပြီးစီးရင် ပုသိမ်ဂေါ်ရန်ဂျီကို ရာသီမရွေးသွားလာနိုင်တော့မှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။
ရန်ကုန်မှ ပုသိမ်သို့ သွားလာရာတွင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် ရန်ကုန် - ပုသိမ်လမ်း ၂၃ မိုင် ငါးဖာလုံကို အကျယ်ပေ ၃၀ရှိ ကွန်ကရစ်လမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်၍ ၂၀၂၀ ပြည့်နှစ် မေလကုန်တွင် ပြီးစီးရန် လျာထားသည်။ ထို့ပြင် ကျေးလက်ဒေသများ တွင် လမ်း ၁၅၀/၂ မိုင်၊ တံတား ၃၅ စင်းနှင့် ရေပြွန် ၄၅ စင်း တို့ကို တည်ဆောက်ပေးနိုင် ခဲ့ပြီဖြစ်သည်။
“ကမ္ဘာ့ဘဏ်အကူအညီနဲ့ ပုသိမ်နဲ့ ဟင်္သာတခရိုင်တို့မှာ ရှေ့ပြေးစီမံကိန်းအနေနဲ့ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်း၊ ကျောက်ချောလမ်း၊ တံတားနဲ့ ရေပြွန်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လူထုဗဟိုပြုစီမံ ကိန်းအနေနဲ့ လုပ်ငန်းပေါင်း ၁၀၈၆ ခုကို ငွေကျပ် သန်း ၁၀၄၅၀ ဒသမ ၄၂ သန်း အကုန် အကျခံဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆိုသည်။
လျှပ်စစ်ကဏ္ဍအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP Phase (1) အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၆၅၃ ရွာအနက် ၂၃၆ ရွာကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး NEP Phase (2) အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၈၉၂ ရွာ ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ထရန်စဖော်မာ ၁၇၁ လုံး၊ ၄၀ဝ ဗို့ဓာတ်အား လိုင်း ၂၉ ဒသမ ၇၆ မိုင်နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၀၆ ဒသမ ၂၂မိုင် တို့ကို တိုးတက်တည်ဆောက်နိုင်ခဲ့သည်။ ချောင်းသာ မြို့တွင် ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီဓာတ်အားလိုင်း ၁၂ ဒသမ ၃၆ မိုင် တည်ဆောက်ခဲ့ပြီး ချောင်းသာ နှင့် ရွှေသောင်ယံမြို့တို့ကို ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ခရိုင် ခြောက်ခရိုင်တွင် မိုဘိုင်းစခန်းပေါင်း ၃၆၇ ခု တည်ဆောက်ပေးနိုင်ခဲ့ပြီး အော်တိုကြိုးဖုန်း စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအနေဖြင့် မြို့နယ် (၁၀) မြို့နယ်ရှိ အော်တိုအိတ်ချိန်း (၁၂) ခုကို MSAN အိတ်ချိန်းသို့ အဆင့်မြင့်တင်နိုင်ခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်စနစ် အသုံးပြုနိုင်စေ ရန်အတွက် Fiber to the Home(FTTH) စနစ် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်။
စည်ပင်သာယာရေးကဏ္ဍအနေဖြင့် ပုသိမ် မြို့ ရေပေးဝေရေးစီမံကိန်းကို ဂျပန်နှစ်ရှည် ချေးငွေ(JICA ODA Loan)မှ ငွေကျပ် ၁၇ ဒသမ ၁၄၂ ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန် ပြည်နယ်များတွင် နိုင်ငံတကာချေးငွေ (Loan) များ၊ အလှူရှင်(Donate)များ၊ ထောက်ပံ့ကြေး (Grants)များဖြင့်ရေပေးဝေရေးစီမံကိန်းများကို နှစ်အလိုက် စီမံဆောင်ရွက်ရန် စီစဉ်လျက် ရှိသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ်သန်း ၃၉၃၀ ဒသမ ၁၉ ဖြင့် မြို့နယ်နှင့် မြို့ စည်ပင်သာယာရေးအဖွဲ့ ၃၃ ဖွဲ့ အတွက် မြေတူးစက် ၂၅ စီး၊ ရေပုပ်စုပ်ယာဉ် ၂၄ စီး၊ အမှိုက်ကန်တင်ယာဉ်သုံးစီး၊ အမှိုက်သိမ်းယာဉ် (တစ်ပါ) ၃၆ စီးနှင့် သုံးဘီးဆိုင်ကယ် ၅၆ စီး စုစုပေါင်း ၁၄၄ စီးကို ခွဲဝေထောက်ပံ့နိုင်ခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးတွင်းရှိ ပြည်သူများ အတွက် မြို့နယ်နှင့် မြို့များ၌e Government စနစ်ဖြင့် ဆောင်ရွက်သော e- Municipal Applications များဖြင့် ပစ္စည်းခွန်များ ကောက်ခံခြင်းနှင့် လုပ်ငန်းလိုင်စင်စနစ်ကို အွန်လိုင်းမှ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင် နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေတွင်း၊ ရေကန်နှင့် အခြားလုပ်ငန်း အရေအတွက် စုစုပေါင်း ၇၇၀ ကို ငွေကျပ်သန်းပေါင်း ၆၀၄၈ သန်း အကုန်အကျခံကာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျောင်းကုန်းမြို့နယ် ကောက်ကြီးကျေးရွာတွင် လျှပ်စစ်မြစ် ရေတင်တစ်ခု တည်ဆောက်ခဲ့၍နွေသီးနှံများကို စတင်ရေပေးဝေလျက်ရှိပြီး ဓနုဖြူမြို့နယ် တမြားကျေးရွာတွင် လျှပ်စစ်မြစ်ရေတင်တစ်ခု တည်ဆောက်လျက်ရှိသည်။
ငွေဆောင်နှင့် ချောင်းသာကဲ့သို့ လှပသာယာသည့် ပင်လယ်ကမ်းခြေများ ပိုင်ဆိုင်ထားပြီး ပြည်တွင်း ပြည်ပ ခရီးသွားများ နှစ်စဉ်တိုးတက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသဆိုင်ရာ ခရီးသွား ကော်မတီအနေဖြင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် ဒေသတွင်းခရီးစဉ်သစ်များကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။
သမိုင်းကြောင်းအရ ထင်ရှားသည့် အိမ်မဲမြို့နယ်ရှိ ဘုရင့်နောင်ဖောင်ဖျက်သည့်နေရာ၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းရှိ မိကျောင်းမွေးမြူရေးစခန်း၊ ရွှေသောင်ယံကမ်းခြေနှင့် ဂေါ်ရန်ဂျီကျွန်းဒေသများတွင် ခရီးသွား လုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ ပါဝင်သောအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
“ခရီးသွားလုပ်ငန်းအနေနဲ့ ဧရာဝတီတိုင်း ဒေသကြီးကို ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုက နှစ်စဉ်တိုးတက်လျက်ရှိပါတယ်။ ဝင်ငွေရရှိမှုက ယခင်နှစ်ကထက် ၃၀ ရာခိုင် နှုန်း တိုးတက်လာပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝ ဘေးဒဏ်ကြုံတွေ့နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ရာ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို လျာထားအိမ်ထောင်စု ၇၉၀ဝ အတွက် ရည်ရွယ်၍ သိုလှောင် ထိန်းသိမ်းထားပြီး သဘာဝဘေး ကြိုတင်ကာကွယ်ရေးအနေဖြင့် အရန် ဆန်အိတ်ပေါင်း ၂၁၀ဝ၀ ကျော် စုဆောင်းခြင်း၊ လူမှုရေးယာဉ်အစုအဖွဲ့နှင့် ရေယာဉ်စာရင်းများ ကောက်ယူထားခြင်းတို့ကိုဆောင်ရွက်ထားသည်။ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း သဘာဝဘေးသင့် ပြည်သူများ အတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေ ငွေကျပ် သိန်းပေါင်း ၆၀၄၉ကျော်ကို ထောက်ပံ့ ပေးနိုင်ခဲ့သည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရန်ပုံ ငွေမှ ငွေကျပ် သိန်း ၆၅၀ ဖြင့် ထိခိုက်ပျက်စီးမှု ရှိနိုင်သည့် မြို့နယ် ၂၅ မြို့နယ်ရှိ ကျေးရွာ ရပ်ကွက် ၂၂၄ ရွာရှိ ကြံ့ခိုင်မှုအားနည်းသည့် နေအိမ် အလုံး ၂၅ဝဝ ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဦးဆောင်၍ အဖွဲ့ ၅ဝ ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း အပြီးဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
မီးဘေးအန္တရာယ် စောင့်ကြည့်ကွပ်ကဲနိုင် ရေးအတွက် ပုသိမ်မြို့ရှိ Swen Hotel တွင် e-Watching System ဖြင့် စောင့်ကြည့်လျက်ရှိပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းများတွင် IP Camera GPS Tracking Device System အလုံး ၄၀ ကို တပ်ဆင်ပေးနိုင်ခဲ့သည်။
သဘာဝဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံရန်အတွက် အဆောက်အအုံတစ်လုံးတွင် လူဦးရေ ၅၀ဝ ခန့် ခိုလှုံနိုင်မည်ဖြစ်သည့် Shelter ၁၈ လုံး တည်ဆောက်ပေးခဲ့ပြီး ထပ်မံ၍ Shelter ၃၉ လုံးကို ဆက်လက် ဆောက်လုပ်နေပြီဖြစ်သည်။
ပညာရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်းပေါင်း ၅၂၉ ကျောင်း အဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဆောင် ၃၈၂ ဆောင် အသစ်ဆောက်လုပ်ခြင်း၊ တက္ကသိုလ်ဝင်စာစစ်ဌာနကိုးခု ထပ်မံတိုးချဲ့ ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ကျောင်းပြင်ပ မူလတန်းပညာရေး(NFPE) ကို မြို့နယ် ၁၄ မြို့နယ်တွင် အခြေစိုက်စခန်း ၇၆ ခု ဖွင့်လှစ်၍ ဆရာ ဆရာမ ၁၃၃ ဦးမှ ကျောင်းသားဦးရေ ၁၀၈၂ ဦးကို သင်ကြားပို့ချ လျက်ရှိသည်။ ကျောင်းပြင်ပအလယ်တန်း ပညာရေး(NFME)ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဟင်္သာတမြို့နယ်တွင် ကျောင်းသား ၄၀ ကို ဆရာ ဆရာမ ငါးဦးဖြင့် သင်ကြားပို့ချနိုင်ခဲ့သည်။
ကျန်းမာရေးကဏ္ဍအနေဖြင့် တိုက်နယ် ဆေးရုံနှစ်ရုံ၊ ဝန်ထမ်းအိမ်ရာ ၂၁ လုံး၊ ကျေးလက် ကျန်းမာရေးဌာန ၁၈ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၁ ခု ထပ်မံတိုးမြှင့်တည်ဆောက် ပေးနိုင်ခဲ့သည်။ ဆင်းရဲနွမ်းပါး ပြည်သူများကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ ကျန်းမာရေး အထောက်အကူပြုကော်မတီများ မြို့နယ် ၂၆ မြို့နယ်တွင် ဖွဲ့စည်းထားရှိပြီး မြို့နယ်တစ်မြို့ နယ်လျှင် ရုံးအဖွဲ့မှူးတစ်ဦး၊ တစ်လလျှင် ထောက်ပံ့ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ၂၆ ဦး ခန့်အပ်ထားသည်။ အလုပ်ရုံဆွေးနွေးပွဲ (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ တစ်လုံးတစ်ခဲ တည်း ထည့်ဝင်ငွေနှင့် လစဉ်ထည့်ဝင်ငွေတို့မှာ ငွေကျပ် ၁၈၆ ဒသမ၂၇ သန်းရှိပြီး လူနာ ၂၇၀၇ ဦးကို ငွေကျပ် ၇၆ ဒသမ ၃၇ သန်း လှူဒါန်းထောက်ပံ့နိုင်ခဲ့ပြီဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ကာကွယ်ဆေးသိုလှောင်ခန်းအသစ်ကို တည်ဆောက်နိုင်ခဲ့ပြီး တစ်နှစ်အောက် ကလေးတစ်သိန်းကျော် အတွက် လုံလောက်သော ကာကွယ်ဆေးများ သိုလှောင်ထားရှိပြီးဖြစ်သည်။ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ရွေ့ လျားဓာတ်မှန်ရိုက် စက်ယာဉ်ကို အသုံးပြု၍ရောဂါရှာဖွေကုသပေးလျက်ရှိသည်။ ထို့ပြင် လတ်တလော ဖြစ်ပေါ်နေ သည့် ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိထိ ရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။
“လောလောဆယ်ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ပြည်သူများ လိုက်နာဆောင်ရွက် ရမယ့် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်။ အစည်းအဝေးတွေ ပြုလုပ်ပြီး ပြည်သူတွေ ရောဂါနဲ့ ပတ်သက်ပြီး ကုသ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ဝယ်ယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရ အနေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ရန်ပုံငွေတစ်ရပ်ကို ထူထောင်ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရောဂါကင်းဝေးနိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။
မြို့နယ်ပေါင်း ၂၆ မြို့နယ်၊ မြို့ပေါင်း ၁၉ မြို့နှင့် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၁၈၆၀ တို့ဖြင့် ဖွဲ့စည်းထားသည့် လူဦးရေ ၆၃ သိန်း ကျော်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးသည်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူခဲ့ချိန်မှ စ၍ စတုတ္ထ(၁)နှစ်တာကာလအထိ ဖွံ့ဖြိုးမှု စီမံကိန်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်ဖြင့် ဘက်စုံထောင့်စုံမှ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ နောင်လာမည့်အနာဂတ်ကာလတွင် ဖော်ဆောင်မည့် စီမံကိန်းများကြောင့် ဒေသတွင်း လူမှု၊ စီးပွား၊ ဘဝ ဖွံ့ဖြိုးတိုးတက်လာမှု၏အသီးအပွင့်များကို မဝေးတော့သည့်ကာလတွင် မြို့ပြနှင့် ကျေးလက် ခြားနားမှုမရှိဘဲ ဒေသခံပြည်သူ များ အတူတကွ ခံစားရရှိမည်မှာ အမှန်ပင် ဖြစ်သည်။ ။


