နေပြည်တော် ဩဂုတ်

အမှန်ကတယ်အလုပ်လုပ်သော သမဝါယမ အသင်းသား တောင်သူများကိုလိုအပ်သည့် ချေးငွေများ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ Value Added တန်ဖိုးမြှင့်ထုတ်ကုန်များ စီစဉ်ဆောင်ရွက်ရန်နှင့် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်မှ အမြတ်အစွန်း ပိုမိုရရှိမည်ဖြစ်ကြောင်း၊ နည်းပညာလိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသခံပြည်သူများအား ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေးပေးထားသည့် အသင်းသား(၁၅၂)ဦးမှ ပန်းစိုက်တောင်သူ(၁၅)ဦး တိုးချဲ့စိုက်ပျိုးထားသည့် ပန်းစိုက်ခင်းများကို ကြည့်ရှုသည်။

 

ထို့နောက် ကျည်အင်းကျေးရွာ ရွှေမြန်မာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများ ကိုင်းဆက် စနစ်ဖြင့် စိုက်ပျိုးထားသောစပျစ်ခြံကို ကြည့်ရှုစစ်ဆေးပြီး စပျစ်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ဝိုင်ချက်လုပ်ရန်နှင့် လိုအပ်သည့်သွင်းအားစုများကို တိုင်း၊ ခရိုင်၊ မြို့နယ်သမအသင်းစုများမှ ၆ လဆိုင်း စနစ်ဖြင့် ရောင်းချဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျွဲတပ်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးလက်နေတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ စျေးကွက်သို့ လွယ်ကူလျှင်မြန်စွာ တင်ပို့နိုင်ရေး အတွက် တောင်သူ ၁၂၀ ၏ စိုက်ပျိုးမြေဧက ၈၅၀ ကျော်အကျိုးပြုမည့်  ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၈ သန်း၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ် ၁၆၅ ဒသမ ၈ သန်း စုစုပေါင်းငွေကျပ် ၄၁၃ ဒသမ ၈ သန်းဖြင့် ကျေးရွာ(၁၅)ရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်း (၁၅)ခုကိုလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၄ ဒသမ ၉၂၉ သန်းဖြင့် ကျွဲတပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆ ဖာလုံ၊ အကျယ် ပေ ၁၂၊ ကျောက်ရောမြေ နှစ်ပေထု၊ မြေနီ ကျောက်စရစ်ကိုးလက်မထုခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ကို ကျေးရွာ(၇)ရွာတွင်လည်းကောင်း၊  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ(၂)ရွာတွင် လည်းကောင်း၊ ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း()ကြိမ်ကို လည်းကောင်း အကောင်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)