လူမှုစီးပွားဖွံ့ဖြိုးရေး နိုင်ငံသားတိုင်းပူးပေါင်းပါဝင်

mdn

နေပြည်တော် ၂၃ ဖေဖော်ဝါရီ

 

မိုဘိုင်းဖုန်းစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းဖုန်း အသုံးပြုနေ ကြသည်။ အသက်အရွယ်အားဖြင့် ဆိုလျှင် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသုံးပြုမှု ပိုမိုများပြားပြီး ထိုထက်မကပင် ပိုမိုနိုင်သည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဖုန်း အော်ပရေတာများသည် ပြည်သူ လူထုအား မိုဘိုင်းဖုန်းဆင်းမ်ကတ် သန်း ၅၀ နီးပါးရောင်းချပြီးဖြစ်ရာ အသုံးပြုသူ လူတစ်ဦးလျှင် ဆင်းမ်ကတ်တစ်ခုမက ကိုင်ဆောင်ထားသည့် အနေအထားရှိသည်။

 

"မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအားအကောင်းဆုံး လုပ်ငန်းတစ်ခုမှာ မိုဘိုင်းဖုန်းဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး စမတ်ဖုန်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများက ခေတ်နှင့်အညီ တီထွင် ဆန်းသစ်၍ ဆက်သွယ်ရေးနည်းပညာများကို အဆင့်မြင့်မြင့် ဖန်တီးထုတ်လုပ် ဖြန့်ဝေ လာသောကြောင့် လူတိုင်းလူတိုင်း ဖုန်းမကိုင်ရလျှင် မနေနိုင်သည့် အနေအထားမျိုး သို့ပင် ရောက်လာသည်။ သို့သော် မိုဘိုင်းဖုန်းကို တရားဝင်မှတ်ပုံတင်ကာ အသုံးပြုရေးကို အလေးထားရန် အများအားဖြင့် မေ့လျော့နေကြသည်။

 

မိုဘိုင်းဖုန်းမှတ်ပုံတင်ခြင်းသည် အရေးပါသောကိစ္စ တစ်ခုဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုခြင်းသည် ကောင်းကျိုး၊ ဆိုးကျိုးပါရှိသည်ကို လူတိုင်းသိရှိကြသည်။ ကောင်းကျိုးမှာ တစ်ဦးနှင့်တစ်ဦး နေရာမရွေး၊ အချိန်မရွေး ပြောဆိုဆက်သွယ်နိုင်ပြီး စီးပွားရေး၊ လူမှုရေးဘက်တွင် များစွာအကျိုး ပြုသည်။ လူမှုကွန်ရက်စာမျက်နှာမှ အကျိုးပြု သတင်းအချက်အလက်များ ရရှိပြီး ထိရောက်သည့် တုံ့ပြန်မှုများ ရရှိဖြစ်ထွန်းနေသည်ကို တွေ့ရမည် ဖြစ်သည်။

 

ဆိုးကျိုးမှာ လူမှုကွန်ရက် စာမျက်နှာပေါ်မှ ပေါ်ထွက်လာသည့် လွဲမှားသော အချက်အလက်များ၊ မမှန်မကန် ဆောင်ရွက်ချက်များကြောင့် နောက်ဆက်တွဲ ပြဿနာများရှိနေသည်ကို မြင်တွေ့ ကြားသိကြမည် ဖြစ်သည်။ မိုဘိုင်းဖုန်းမှ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ လူတစ်ဦးချင်း အလိုက် ပုဂ္ဂိုလ်ရေး ထိခိုက်မှုဖြစ်အောင် ပြုလုပ်နိုင်သည့်အပြင် အဖွဲ့အစည်းများသာမက နိုင်ငံအတွက်ပါ ထိခိုက်နစ်နာမှု ဖြစ်စေမည့် မမှန်ကန်သော အချက်အလက်များ ဖြန့်ဝေမှုများ ပြုလုပ်နိုင်သည်ကို တွေ့ရမည် ဖြစ်သည်။

 

ထို့ကြောင့် အသိအမြင်နှင့် တာဝန်ခံမှုရှိသည့် တာဝန်သိသော ပြည်သူများအနေဖြင့် ဆင်းမ်ကတ် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များတွင် စိတ်ပါလက်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်ရေးသည် စည်းမျဉ်း၊ စည်းကမ်းလိုက်နာနိုင်ပြီး ကောင်းမွန်စွာ နေထိုင်လုပ်ကိုင်ကြသော ပြည်သူများ အနေဖြင့် အပန်းကြီးစရာ၊ ဝန်လေးစရာ အလုပ်တစ်ခု မဟုတ်ပေ။ မရိုးသား၊ မမှန်မကန် လုပ်ကိုင်ကြသော သူများသာ မှတ်ပုံတင်ခြင်းကို ရှောင်ဖယ်ကြမည် ဖြစ်သည်။

 

ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းသည် ဥပဒေကြောင်းအရ ပြဋ္ဌာန်းထားသော သတ်မှတ်ချက် ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနက မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို မှတ်ပုံတင်ကြရန် ညွှန်ကြားထားပြီး ဖြစ်သည်။ အော်ပရေတာများ အနေဖြင့်လည်း မှတ်ပုံတင်ရေးကို တိုက်တွန်းနှိုးဆော် လျက်ရှိသည်။ မိုဘိုင်းဖုန်းကို မှန်မှန်ကန်ကန် အသုံးပြုလိုသူများ အနေဖြင့် မှတ်ပုံတင်နိုင်ရန် ဝန်လေးနေမည် မဟုတ်ပေ။ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းကို ထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ရှေ့အဖို့တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားများ သိသင့်သည့် အချက်အလက်များ၊ အကျိုးရှိစေမည့် အချက်အလက်များကို မျှဝေထုတ်ပြန် ပေးသည့်စနစ်၊ အီလက်ထရွန်နစ် သက်သေခံလက်မှတ် စနစ်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအဖြစ် မှတ်ပုံတင်ခြင်း စနစ်တို့ကို အကောင်အထည် ဖော်တော့မည်ဖြစ်ရာ ခေတ်မီတိုးတက်သော စနစ်များဖြင့် မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံအကျိုးပြု လုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ အလျင်အမြန် တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်တွင် မိမိ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံအေးချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်း အသုံးပြုသော နိုင်ငံသားတိုင်း မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ