ယနေ့ကာလတွင် နိုင်ငံအတွင်း၌ လူမှုစီးပွားတည်ငြိမ်မှုကို ပျက်ပြားစေမည့် ရွှေနှင့်ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေသည့် သတင်းစကားများကြောင့် ရောင်းဝယ်ဖောက်ကားမှုဈေးကွက်များတွင် ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အကျိုးဆက်ကို ပြည်သူများ ခံစားကြရသည်။ အရောင်းအဝယ်ဈေးကွက်ကို တန်ဖိုး ဖြတ်သည့် ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဖန်တီးခဲ့ကြသည့် ဝိသမလောဘသားများကို နိုင်ငံတော်က ပြည်သူများအကျိုးစီးပွားကိုရှေးရှုပြီး ဖော်ထုတ် တားဆီးနိုင်ခဲ့သည်။
ပြီးခဲ့သည့်မေလတတိယပတ်က ရွှေနှင့်အမေရိကန်ဒေါ်လာ အရောင်းအဝယ်ဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၅၀ ဝန်းကျင်ခန့်ရှိရာမှ မေလကုန်တွင် ကျပ် ၅၆ သိန်းကျော်အထိ မြင့်တက်သွားပြီး နိုင်ငံခြားငွေကြေး ဈေးကွက်တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ဝန်းကျင်ရှိရာမှ မေလကုန်တွင် တစ်ဒေါ်လာလျှင် ကျပ် ၄၆၀၀ ကျော်ခန့််အထိ မြင့်တက်သွားခဲ့သည်။ ထိုသို့ ရွှေနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ရက်သတ္တပတ်အတွင်း အဆမတန် မြင့်တက်သွားခဲ့ခြင်းသည် ရွှေနှင့် နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာသည်ကို အကြောင်းပြု၍ ရွှေနှင့် နိုင်ငံခြားငွေကြေးကို အဓိကကိုင်တွယ် လုပ်ကိုင်နေသော စီးပွားရေးသမားများ၏ ဈေးကစားမှုကြောင့်ဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်နေချိန်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်နေချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တည်ငြိမ်လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေရန်အတွက် ရွှေနှင့် နိုင်ငံခြား ငွေကြေးဈေးကွက် ကမောက်ကမဖြစ်အောင်ပြုလုပ်သည့် ဝိသမလောဘသားများကို ဖော်ထုတ်အရေးယူရမည်သာဖြစ်သည်။
ထိုသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ရွှေနှင့် နိုင်ငံခြားငွေကြေးဈေးနှုန်းများ ပြန်လည်ကျဆင်းသွားသည်ကို တွေ့ရသည်။ ရွှေနှင့် နိုင်ငံခြားငွေကြေးဈေးနှုန်းများ အဆမတန် မြင့်မားလာခြင်းသည် မြန်မာကျပ်ငွေတန်ဖိုးကို ကျဆင်းစေပြီး ပြည်တွင်း၌ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်သည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် ရွှေနှင့် နိုင်ငံခြားငွေအဝင်/ အထွက် မမှန်မကန် မညီမျှမှုကြောင့်ဖြစ်သည်။ ရွှေနှင့်နိုင်ငံခြားငွေကြေး အထွက်များပြီး အဝင်စီးဆင်းမှု နည်းခြင်းသည် ပြည်သူများ၏ လိုအင်မြင့်မားလာမှုကြောင့်ဆိုသည်ထက် ရွှေဈေး၊ ဒေါ်လာဈေး မြင့်မားလာအောင် ဆွဲတင်ချင်သည့် စီးပွားရေးသမားများ၏ မတော် လောဘများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တိုင်းပြည်စီးပွားရေး မတည်မငြိမ်ဖြစ်အောင်၊ လူမှုစီးပွားဘဝ ပျက်ပြားအောင် ပြည်ပမှ ဖိအားအမျိုးမျိုး၊ နှောင့်ယှက်မှု အဖုံဖုံပြုလုပ်နေချိန်တွင် ပြည်တွင်းမှ မသမာသူဝိသမလောဘသားများက ၎င်းတို့အခွင့်အရေးကို စောင့်ကြည့်ပြီး ငွေကြေးမတည်ငြိမ်အောင်၊ လူမှုစီးပွားဘဝတွင် ကမောက်ကမဖြစ်အောင် ပြုလုပ်မှုများသည် တိုင်းပြည်ကို ပျက်စီးအောင် တစ်ဖက်က ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံခြားငွေများကို တရားမဝင်ရောင်းဝယ်၍ ငွေကြေးဈေးကွက် ကစားနေသူများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေများအပြင် အများပြည်သူအကျိုးစီးပွားကို ထိခိုက်အောင် ပြုလုပ်ခြင်းနှင့်ပတ်သက်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် အများပြည်သူအကျိုးစီးပွားကို ပျက်ပြားအောင်ပြုလုပ်သည့် ရွှေလုပ်ငန်းရှင်အချို့နှင့် ပါဝင်ပတ်သက်သူအချို့ကို ဖော်ထုတ်အရေးယူလိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့်ရက်က ပြည်တွင်း၌ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်နေသော ပွဲစားများအပါအဝင် တရားခံများကို ဖော်ထုတ်အရေးယူစစ်ဆေးခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ထိန်းချုပ်ဆောင်ရွက်ခဲ့သည့် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်၊ ရွှေလုပ်ငန်းရှင်နှင့် ပွဲစားများကို ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ အစစ်ဆေးမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသည်။ ယင်းကို ကြည့်ခြင်းဖြင့် ၎င်းတို့၏ မတော်လောဘ မမှန်မကန်လုပ်ရပ်များကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။
သို့ဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေး၊ ရွှေနှင့် ငွေကြေးတန်ဖိုးများ တည်ငြိမ်မှန်ကန်စေရေးတို့ကို ပျက်ပြားအောင်ပြုလုပ်သည့် မသမာသူဝိသမလောဘသားများကို ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ရွှေနှင့်နိုင်ငံခြားငွေကြေး တရားမဝင်ဆက်လက်ပြုလုပ်နေသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူများကို မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများအား လျှို့ဝှက်စွာ သတင်းပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးနက်စွာမေတ္တာရပ်ခံအပ်ပါကြောင်း။
ကြေးမုံ