mdn

နေပြည်တော် ၁၀ မေ

 

ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကြုံတွေ့နေရစဉ်အချိန်အခါ၌ လည်းကောင်း၊ ရောဂါအလွန်ကာလ၌လည်းကောင်း ပြည်သူလူထုအတွက် အဓိကဦးစားပေး လိုအပ်ချက်မှာ လူမှုစီးပွားဘဝ ပြန်လည်တည့်မတ်တည်ငြိမ်ရေး ဖြစ်သည်။ ယခုအခါ ကူးစက်ရောဂါဂယက်ကြောင့် အလုပ်အကိုင်၊ ဝင်ငွေရလမ်းများ၊ တုံ့ဆိုင်းသွားသည်နှင့်အတူ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး၌ အကျပ် အတည်းများ ကြုံတွေ့နေရသည်။

 

ရောဂါဘေးကို တွန်းလှန်ကာကွယ်တိုက်ဖျက်နေစဉ် အလုပ်အကိုင် စီးပွားရေးလမ်း တုံ့ဆိုင်းသွားမှုများကို ခက်ခဲစွာဖြတ်ကျော်နေရသည်။ ရောဂါဘေးဂယက်ကြောင့် ပြည်သူအများ အလုပ်အကိုင်အဆင်မပြေမှုများနှင့် ကြုံတွေ့ကြရသည်။ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများသာမက ပြည်ပအလုပ်အကိုင်များလည်း ထိခိုက်သဖြင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားအရေးကိုလည်း ထည့်သွင်း စဉ်းစားနေရသည်။

 

သို့အတွက်နိုင်ငံတော်အစိုးရကရောဂါစတင်ဖြစ်ပွားသည့်အချိန်ကာလကတည်းက ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ပြန်လည်ကုစားရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်သည်။ တုံ့ဆိုင်းရပ်တန့်သွားသောစီးပွားရေးကို ပြန်လည်ကုစားရန်အတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းအသစ်များ တိုးချဲ့ဖော်ဆောင်နိုင်ရန် အရင်းအနှီး၊ ကုန်ထုတ်စွမ်းအားစုနှင့် အလုပ် အကိုင်များ ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့် အာမခံအလုပ် သမားအင်အား ၁ ဒသမ ၄၆ သန်းကျော်ရှိပြီး အကျုံးမဝင်အလုပ်သမားများနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသော ရွှေ့ပြောင်းလုပ်သားများ သိန်းချီရှိသည်။ ကပ်ရောဂါနှင့် အထွေထွေရိုက်ခတ် မှုကြောင့် ပိတ်သိမ်း သွားသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေးအာမခံကြေး ထည့်ဝင်ထားသည့်အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံဆောင်ရွက်ပေးထားသည်။ ထို့အပြင် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းများနှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ ကို ကိုဗစ် - ၁၉ ရန်ပုံငွေထူထောင်ရာတွင် ထည့်သွင်းမတည်ခဲ့သည်။ ကိုဗစ်၁၉ ရောဂါကြောင့် ထိခိုက်မှုရှိသည့် နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအား ကနဦး ဘီလီယံ ၁၀ဝ ချေးငွေထုတ်ပေးနေပြီး ထပ်မံ၍ ဘီလီယံ ၂၀ဝ ထုတ်ချေးနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

 

နိုင်ငံအတွင်း လူမှုဖူလုံရေးအကျုံးဝင်လုပ်သားများအား ထောက်ပံ့ခြင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် အကျုံးဝင်သောလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်အောင် ချေးငွေများအား စနစ်တကျထုတ်ပေးနေသည်မှာ အချိန်အခါကိုက်ဖြစ်သည်။ ထို့အပြင် တရားမဝင်အလုပ်လက်မဲ့ဖြစ်နေသူများ မှာလည်း အမြောက်အမြားရှိနေ၍ ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ပြန်လည်အခြေကျ တည့်မတ်နိုင်အောင် လုပ်ငန်းရှင်များ၊ ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းကြရဦးမည်ဖြစ်သည်။ သင့်လျော်သော အရင်းအနှီးရရှိမှုဖြင့် နိုင်ငံအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဒေသ အလိုက် ဖန်တီးထူထောင်ပေးနိုင်အောင် နိုင်ငံတော်၏အကူအညီဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။

 

ဥပမာအားဖြင့် ပြည်ပမှပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများသည် ယခုအခါ အလုပ်လက်မဲ့ ဖြစ်နေသည်။ ၎င်းတို့ ပြည်ပတွင် လုပ်ကိုင်ခဲ့သည့် အတတ်ပညာ၊ အသိအမြင်ဗဟုသုတများကို ပေါင်းစပ်၍ ၎င်းတို့ နေထိုင်ရာ ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးကဲ့သို့ အလုပ်အကိုင်အသစ်များကို ဖက်စပ်ဖြစ်စေ၊ ကုန်ထုတ်သွင်းအားစုလုပ်ငန်းဖြစ်စေ စီမံဖန်တီးပေးခြင်းဖြင့် အလုပ်အကိုင်များရရှိကာ လူမှုစီးပွားဖွံ့ဖြိုး လာရေးကို အထောက်အကူပြုမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် ကြုံတွေ့နေရသောစိန်ခေါ်မှုများ၊ အခက်အခဲများ၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် အခက်အခဲအကျပ်အတည်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများအားလုံးပါဝင်ပြီး စုပေါင်း အားဖြင့် သတိ၊ ဝီရိယ၊ ပညာအားကိုး၍ ပူးပေါင်းရင်ဆိုင်ကျော်လွှားရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ