mdn

နေပြည်တော်  ၂၂  နိုဝင်ဘာ

 

(၆) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ သက်ဆိုင်ရာဝန်ကြီးများ၏ အစည်းအဝေးကို ယနေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ဆွေးနွေး သည်။

 

အာဆီယံ+၃နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဆွေးနွေးရာတွင် ဂျပန်နိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းလုပ်ငန်း ရပ်များ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများ၊ လူတိုင်းအကျုံးဝင်မသန်စွမ်းသူများ ဖွံ့ဖြိုးရေးဆိုင်ရာ ရပ်ရွာအခြေပြုလုပ်ငန်းများ၊ မသန်စွမ်းများအတွက်အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ရန် သင်တန်းများရရှိရေး၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ လူမှုဝန်ထမ်းလုပ်ငန်းရပ်များအား လေ့လာ၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍      မဲခေါင်-လန်ချန်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ လူငယ်များလေ့လာရေးနှင့် အတွေ့ အကြုံဖလှယ်ရေး အစီအစဉ်များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက် ရေးဆိုင်ရာလုပ်ငန်း၊ စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အား ပေးအစီအစဉ်နှင့် သက်ကြီးရွယ်အို ဆိုင်ရာသုတေသနလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အာဆီယံ+၃ နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများဆိုင်ရာ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၂၀-၂၀၂၅ ပါ လုပ်ငန်းရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်လူသားအရင်းအမြစ်၊ နည်းပညာ၊ ငွေကြေးများ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဆွေးနွေးရာတွင် အာဆီယံ+၃ နိုင်ငံများအနက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် မှုတွင် မဲခေါင်-လန်ချန်း လူငယ်တွေ့ဆုံပွဲအစီအစဉ်နှင့် အာဆီယံခေါင်းဆောင်မှု သင်တန်း များဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးတွင်သာမက လူမှုရေးလုပ်ငန်းများတွင်လည်း အနာဂတ်တွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် နားမကြားသူများအတွက် လက်သင်္ကေတပြ ဘာသာစကား ဖွံ့ဖြိုးမှုအတွက် JICA နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း နည်းပညာပံ့ပိုးကူညီလျက်ရှိပါ ကြောင်း။

 

ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ ကိုရီးယားပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(KOICA)နှင့် Korea University Council for Social Service (KUCSS) တို့ပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလူငယ်များ လာရောက်၍ ထိရောက်စွာပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများတွင် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ ပိုမိုရရှိစေခြင်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံ ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်း၊ လူမှုရေး ဝန်ဆောင်မှု သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းနှင့် Joint Training များ ဆောင်ရွက်ခြင်းတို့ကို အာဆီယံ + ၃ နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံ+၃ နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား နိုင်ငံတို့မှ သက်ဆိုင်ရာဝန်ကြီးများကို တွေ့ဆုံပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)