လူမှုကွန်ရက်နှင့် ယဉ်ကျေးမှု

၁၈  ဇွန်

 

ဒီကနေ့ခေတ်မှာ လူမှုကွန်ရက်ကို လူတော်တော်များများသုံးကြပါတယ်။ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေဆိုရင်တော့ မသုံးတဲ့သူ တော်တော်နည်းလိမ့်မယ် ထင်ပါတယ်။ ဘယ်လောက်အထိ သုံးလာကြသလဲဆိုတော့တချို့က ဒုတိယဘဝလို့တောင် တင်စားကြတဲ့အထိပါ။

 

လူမှုကွန်ရက်ရဲ့လွှမ်းမိုးမှုက နယ်ပယ်စုံကိုဖြန့်ကြက်လာတယ်။ နယ်ပယ်စုံတဲ့အတွက် ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းအပေါ် မူတည်ပြီးတော့ အကျိုးရှိခြင်း၊ မရှိခြင်း၊ အကျိုးများခြင်း၊ မများခြင်းက ပြောင်းလဲသွားတယ်။ လူမှုကွန်ရက်သုံးလို့ အချိန်တွေအလဟဿကုန်တယ်၊ ငွေတွေကုန်တယ်၊ အကျိုးမရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သူ့ရဲ့ ကောင်းကွက်တွေလည်း အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒီအပေါ်မှာ အပြန်အလှန်ပြောဆို၊ ဆက်သွယ်နိုင်ကြတဲ့အတွက်၊ အမြင်ချင်း၊ အတွေးချင်းဖလှယ်နိုင်ကြတဲ့အတွက် ပိုမိုရင်းနှီးခင်မင်မှုတွေကိုလည်း ဆောင်ကြဉ်းပေးနိုင်ပါတယ်။

 

လူ့အသိုင်းအဝိုင်းထဲကို မိတ်ဆက်ဖြန့်ချိ

 

လူမှုကွန်ရက်ကိုမသုံးမဖြစ်၊ မရှိမဖြစ်လို့ပြောနိုင်တဲ့အနေအထားအထိ ရောက်လာတယ်။ မသုံးရရင်ဘာဖြစ်မှာလဲလို့ မေးရင်တော့ ဖြေဖို့အတော်ခက်လိမ့်မယ် ထင်ပါတယ်။ ဒီကွန်ရက်တွေမပေါ်ခင်တုန်းကလည်း ဘာပြဿနာမှတော့ မဖြစ်ခဲ့ကြပါဘူး။ အဲဒီတုန်းက လူတွေ လူမှုကွန်ရက်မသုံးရလို့ဆိုပြီး အော်လည်းမအော်ခဲ့ကြပါဘူး။ ဒါပေမယ့် လိုအပ်ချက်ကိုသိတဲ့သူက လူမှုကွန်ရက်ကို တီထွင်လိုက်တယ်။ တီထွင်ပြီးတော့ လူ့အသိုင်းအဝိုင်းထဲကို မိတ်ဆက်ဖြန့်ချိပေးလိုက်တော့ လူအတော်များများက သုံးလာကြတယ်။

 

လက်ရှိအခြေအနေမှာလည်း တချို့နိုင်ငံတွေမှာ မူဝါဒအရ တစ်နိုင်ငံလုံး facebook မသုံးရလို့ ပိတ်ထားတာမျိုး၊ ယဉ်ကျေးမှုအရ မိန်းကလေးတွေ facebook မသုံးရလို့ တားမြစ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါတောင်မှဒီဘက်က သုံးနေကျလူတွေ ဟိုဘက်ရောက်တော့ ရတဲ့နည်းနဲ့ ကွန်ရက်ချိတ်ပြီးသုံးကြတာပါပဲ။ facebook ကို မသုံးရဘူးဆိုပြန်တော့လည်း WeChat တို့၊ WhatApp တို့ သုံးကြပြန်တာပါပဲ။ ဒါတွေကလည်း လူမှုကွန်ရက် အနွယ်ဝင်တွေလို့ ပြောရမှာပါပဲ။

 

ဒီကွန်ရက်တွေမပေါ်ခင်ကတော့ သူသူကိုယ်ကိုယ်ဒီအတိုင်းနေလာခဲ့ကြတာပါပဲ။ စသိတော့သုံးမိ၊ သုံးမိရာက များများလာ၊ များရင်းများရင်းနဲ့ ဒီအပေါ်မှာအချိန်ကုန်တာတွေ များလာတဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ ဒီအပေါ်မှာကလည်း အကြောင်းအရာစုံ၊ ကဏ္ဍစုံရှိနေပါတယ်။ သုံးတဲ့သူကလည်း ကိုယ်အားသန်ရာသန်ရာအလိုက် သုံးကြတာပေါ့။ တစ်ဦးချင်း၊ တစ်ယောက်ချင်း သုံးတဲ့သူတွေရှိသလို စာမျက်နှာတစ်ခုအဖြစ်နဲ့ တင်တဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရှိတယ်၊ ဝါသနာတူရာတူရာ စုဖွဲ့ထားတဲ့ အဖွဲ့တွေရှိတယ်။ ရသကြိုက်တဲ့သူက ရသလိုင်း၊ သုတကြိုက်တဲ့သူက သုတလိုင်း၊ ဟာသကြိုက်တဲ့သူက ဟာသလိုင်း၊ သီချင်းကြိုက်တဲ့သူက သီချင်းလိုင်း၊ ဆိုင်ရာဆိုင်ရာလေးတွေကိုရွေးပြီး အဖွဲ့ဝင် ဝင်ထားလိုက်တယ်၊ like & follow လုပ်ထားလိုက်တယ်။ ပေါ်လာသမျှ သတင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေ၊ ပုံတွေ၊ စာတွေကို ကြည့်တယ်။ သဘောကျတော့ သဘောကျကြောင်းတွေ ပြတယ်။ ပြန်လည်မျှဝေတယ်။ ဒီသံသရာထဲမှာ တဝဲလည်လည်ပါပဲ။

 

ဘယ်သူတွေ ဘာတင်ထားသလဲ ရှာကြည့်တယ်၊ ကိုယ်တင်ထားတာတွေအပေါ် ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ထားသလဲ ဆိုတာကို ပြန်ပြန်ကြည့်ပြီးတော့ တစ်ဖက်ကမှတ်ချက်တွေကို ပြန်ကြားပေးတယ်။ ဒါတွေက လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ကိုယ်ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာတွေကိုတင်တယ်။ တချို့ဆို ဘာစားတယ်၊ ဘာဝတ်တယ်ဆိုတာတွေတောင် တင်တတ်သေးတော့။ ကိုယ်တင်တဲ့အပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကြည့်ပြီး တစ်ခါတစ်ခါကျတော့လည်း ပြဿနာတွေ ဖြစ်ကြပြန်တယ်။ ဟဟတွေချည်းပေးနေလို့ မကျေမနပ်ဖြစ်ပြီး ဘလော့သွားတာကတစ်မျိုး၊ ကိုးလိုးကန့်လန့်တွေချည်း ပြန်ပြန်ပြောနေလို့ မိုက်ကြေးခွဲတာကတစ်ဖုံ၊ တစ်ခါမှ သဘောကျကြောင်းမပြသူတွေကို မိတ်ဆွေအဖြစ်က ရပ်စဲမယ်ဆိုတာက တစ်နည်း။ စုံလို့ပါပဲ။

 

အစကရိုးရိုး၊ နောက်တော့တစ်မျိ်ုးတိုးဆိုသလိုပဲ။ ယဉ်ကျေးသိမ်မွေ့စွာ သုံးစွဲလာရာကတစ်ဆင့် ကြမ်းတမ်းရိုင်းပျမှုတွေ ပါလာတယ်။ ယဉ်ကျေးမှုနဲ့မလျော်ညီတဲ့ ဝတ်စားဆင်ယင်မှုဆိုတာမျိုး၊ ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့အပြောအဆို၊ စကားလုံး အသုံးအနှုန်းမျိုးတွေလည်း ပါပါလာကြတယ်။ တကယ်ဆို လူမှုကွန်ရက်ပေါ်မှာ ပြောဆိုရေးသားတာတွေက အပြင်မှာပြောဆိုတာထက်တောင် ပိုပြီးအလေးထားကြရမှာပါ။ အပြင်မှာက အလွတ်ပြောရင် လေးငါးဆယ်ယောက်ကြားလိမ့်မယ်၊ ဒါတောင်မှ ကိုယ့်ဘေးမှာ လူတွေရှိနေဦးမှ။ ကွန်ရက်ပေါ်မှာပြောတော့ ကွန်ရက်ဆိုတဲ့အတိုင်း အားလုံးကချိတ်ဆက်နေတယ်။ တစ်ယောက်တည်း၊ နှစ်ယောက်တည်းသိတာမဟုတ်ဘူး။ ပေါက်သွားတဲ့အခါများ လူထောင်၊ သောင်း၊ သိန်းချီ ကြည့်မိကြတာမျိုး။ တချို့က လူတစ်ယောက်ယောက်ကို မကျေမနပ်ဖြစ်တယ်။ ဒါကိုပဲ လူမှုကွန်ရက်မှာ စာတွေရေးတင်တယ်၊ ဗီဒီယိုဖိုင်တွေတင်တယ်၊ တချို့များ ပြောနေဆိုနေတုန်း တိုက်ရိုက်တောင် လွှင့်လိုက်သေးတယ်။ ဒီလိုဆိုတော့ အကုန်ပြဿနာတွေတက်ကုန်ရော။

 

ပါးစပ်ပြောပြောတာနဲ့ လိုင်းပေါ်တင်တာ ကွာတဲ့အချက်ရှိပါတယ်။ ပြောမယ့်ဆိုမယ့်စကားတွေ ရင်ထဲက ပွင့်အန်ထွက်လာလို့ ပြောမယ်ကြံလိုက်ပေမယ့် အနားမှာ တစ်ဖက်လူရှိမှပြောလို့ရတာ။ တစ်ဖက်လူဆီသွားနေတုန်း၊ တစ်ဖက်လူနဲ့တွေ့ဖို့ရှာနေတုန်း အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်လက်ကြည်လင်သွားပြီး ဒေါသတွေ ပြေပျောက်သွားနိုင်သေးတယ်။ လိုင်းပေါ်တင်တာကျတော့ ဒီလိုမဟုတ်တော့ဘူး။ ထစ်ခနဲရှိ ဘာပဲဖြစ်ဖြစ် ခဏမဆိုင်းတင်ပစ်လိုက်တယ်။ ဘယ်သူကမှလည်း တည်းဖြတ်ပေးမှာမဟုတ်ဘူး။ မတည်းဖြတ်တော့ကိုယ်ထင်ရာကို ဟောဟောဒိုင်းဒိုင်း ပြောချလိုက်ရော။ ဒါကို တစ်ဖက်ကတွေ့၊ ဟိုတစ်ဖက်ကလည်း ဒေါသသမား အချင်းချင်းဆိုရင် ဒီအပေါ်မှာတင် တစ်ဖက်နဲ့တစ်ဖက်ပြဿနာတွေဖြစ်ကုန်ကြရော။ ကြမ်းကျွံတာ နုတ်လို့ရ၊ စကားကျွံတာ နုတ်မရတဲ့။ တချို့စကားတွေကမှ ပြောပြီးရင်လေထဲပျောက်သွားသေးတယ်။ လိုင်းပေါ်တင်ထားတဲ့စကားလုံးတွေကတော့ ပြန်မဖျက်မချင်း ဒီအပေါ်မှာရှိနေကြဦးမှာ။ တစ်ဖက်က ကြည့်မိတဲ့အချိန် ပြဿနာတွေဖြစ်ကြဦးမှာ။

 

အမြင်တင့်အောင် ရေးသားနိုင်ဖို့လို

 

ပြဿနာမဖြစ်ဘူးပဲဆိုပါဦးတော့။ လူမှုကွန်ရက်ဆိုတာက လူမှုကွန်ရက်ဆိုတဲ့အတိုင်း ကိုယ့်သူငယ်ချင်းတွေသာမက ဆရာသမားတွေ၊ ကိုယ့်ထက်အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးမြင့်တဲ့သူတွေ အစုံပါနေကြတယ်။ ဒီလိုဆိုတော့ ကိုယ်ရေးသားပြီးတင်လိုက်တဲ့ စာတစ်ကြောင်းကိုသူများအမြင်တင့်အောင် ရေးသားနိုင်ဖို့လိုပါတယ်။ တချို့က ပြောကြတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သုံးတာ၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးတဲ့။ တကယ်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးတာမှန်ပေမယ့် ကိုယ်ရေးလိုက်တဲ့စကားလုံးတစ်လုံးကို ကိုယ်တစ်ယောက်တည်း မြင်ရတာမှမဟုတ်တာ။ တစ်ဖက်လူတွေလည်း မြင်ရတာဆိုတော့သူတို့အတွက်ပါ စဉ်းစားမှဖြစ်မှာပါ။ ကိုယ်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်မျိုးနဲ့၊ ကိုယ့်အမြင်၊ ကိုယ့်အတွေးတွေ မှန်၊ မမှန်ကိုလည်း မစဉ်းစား၊ မသုံးသပ်ဘဲနဲ့ ကိုယ့်စိတ်ထင်ရာအတိုင်း ပေါက်ကွဲသံစဉ်တွေလွှတ်ချလိုက်တယ်။ တစ်ဖက်လူကို စော်ကားမော်ကားတွေ ရေးပစ်လိုက်တယ်။ တစ်ဖက်မှာ ဘယ်လောက်ထိသွားသလဲဆိုတာ မစဉ်းစားတော့ဘူး။ တစ်ဖက်လူ ဘယ်လိုပဲခံရခံရ ကိုယ့်စိတ်ထဲမှာ ရှိနေတာတွေကို အန်ချလိုက်ရ ရင်ပြီးရောဆိုပြီး ရေးပစ်လိုက်တတ်ကြတယ်။ သည်းခံတတ်တဲ့သူနဲ့တွေ့ရင်တော့တော်ရဲ့။ သည်းမခံတတ်တဲ့သူနဲ့တွေ့တော့ တည်ဆဲဥပဒေတွေနဲ့အညီ အမှုဖွင့်တိုင်တန်းလို့ အရေးယူခံရတာတွေ ဘာတွေဖြစ်ကုန်ရော။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်လေးတွေ လိုအပ်လာပါတယ်။ ဒီလိုပါပဲ။ လူမှုကွန်ရက်ပေါ်မှာ ပြောဆိုရေးသားကြတဲ့အခါ တစ်ဖက်လူတွေအတွက် ထည့်သွင်းစဉ်းစားတတ်တဲ့ အလေ့အကျင့်လေးတွေ မွေးမြူကြရမှာပါ။ လူယဉ်ကျေးပီပီ ပြောဆိုနေထိုင် သုံးနှုန်းတတ်တဲ့ အလေ့အထလေးတွေ မွေးမြူကြရမှာပါ။

 

ဖြစ်တတ်တဲ့သဘာဝ

 

ရေးတုန်းကတော့ ဘာမှသိပ်မစဉ်းစားဘူး။ သူများတွေလည်း ဒီလိုပဲ သူတို့ရေးချင်ရာတွေ လျှောက်ရေးနေကြတာပဲ၊ ကိုယ်လည်း ကိုယ်မှန်တယ်ထင်တာ ကိုယ်ရေးမှာပေါ့ဆိုပြီး တွေးမိတတ်တယ်။ ဒါပေမယ့် ကိုယ်မှန်တယ်ထင်တာကြီးက တကယ်မမှန်တော့ ခက်ကုန်ရော။ သူများတွေရေးတုန်းက ဘာမှမဖြစ်ဘူး၊ ကိုယ့်ကျမှ ဘယ်လိုဖြစ်တယ်ဆိုပြီး ပြောကြပြန်တယ်။ ဒါလည်း ဖြစ်တတ်တဲ့သဘာဝပါပဲ။ သူများတွေရေးတုန်းက တစ်ဖက်ကခံရတဲ့သူက သည်းခံတတ်တဲ့သူမို့၊ ဒါမှမဟုတ် ဘယ်လိုအရေးယူရမယ်ဆိုတာ မသိလိုဖြစ်နိုင်တယ်။ ကိုယ့်အလှည့်ကျတော့မှ သည်းမခံတဲ့သူ၊ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာလည်း သိတဲ့သူနဲ့တိုးတော့ ဒုက္ခတွေ့ရော။ တွေ့လည်းတွေ့ကြတာပါပဲ။ စည်းလွတ်ဘောင်လွတ်တွေ လျှောက်လုပ်နေရင်တော့ တစ်ကွေ့ကွေ့မှာ တွေ့သွားတတ်ကြတာပါပဲ

 

ဟုတ်ပြီ၊ ထားတော့၊ ကိုယ်ရေးချင်တာတွေလျှောက်ရေးလို့ ကိုယ့်မှာ ဘာအမှုမှမပတ်ဘူးပဲထားတော့။ ကိုယ်က တစ်ဖက်ကို အရှက်ခွဲလိုက်ရတော့ ကျေနပ်စရာကောင်းရောတဲ့လား။ ကိုယ်က ဘယ်သူ့မှအလေးမထားတဲ့ ပုံတွေတင်တော့ရော ဝမ်းသာစရာ ကောင်းရောတဲ့လား။ တကယ်ဆို တစ်ဖက်လူတွေကလည်း ခံစားနားလည်တတ်ကြပါတယ်။ ပါးစပ်က ပြောမထွက်ရင်တောင်မှ စိတ်ထဲမှာတော့ ခိုးလိုးခုလု ဖြစ်သွားတတ်ကြပါတယ်။ အားလုံးက အာသဝေါကုန်ခန်းနေ သူတွေမှ မဟုတ်ကြတာလေ။ သူသူကိုယ်ကိုယ် စိတ်တိုတတ်ကြတာချည်းပါပဲ။

 

တစ်ဖက်သားကို မနှစ်မြို့အောင်လုပ်လိုက်တာလည်း တစ်နည်းအားဖြင့် အကြမ်းဖက်မှုပါပဲ။ ဥပမာ ရပ်ကွက်ထဲမှာ အသံချဲ့စက်ကို နားမခံနိုင်လောက်အောင်အထိ ဖွင့်တယ်၊ ဒါအသံနဲ့ အကြမ်းဖက်နေတာပါပဲ။ ကိုယ့်ရဲ့လုပ်ငန်းက အနံ့ဆိုးတွေ သိပ်ပြင်းနေတယ်၊ ဒါကို ရပ်ထဲရွာထဲမှာ ခပ်တည်တည်နဲ့ ဆက်လုပ်နေမယ်ဆိုရင် အနံ့နဲ့ အကြမ်းဖက်နေတာပါပဲ။ ဒီလိုပါပဲ လိုင်းပေါ်မှာ ကိုယ်တင်ချင်ရာ လျှောက်တင်တဲ့အထဲမှာ အများအတွက် စိတ်ငြိုငြင်စရာအသုံးအနှုန်းတွေ၊ ပုံတွေ၊ အသံတွေပါ နေမယ်ဆိုရင် ကိုယ်ကတခြားလူတွေအပေါ် အကြမ်းဖက် ရာကျသွားပါတယ်။ မမြင်ချင်ကျော်သွားပေါ့လို့ ပြောချင်ပြောပါလိမ့်မယ်။ ဒါပေမယ့် အဲသလိုကျော်ဖို့ကိုက မြင်ပြီးမှ ကျော်လို့ရမှာကိုး။ လုံးဝမမြင်ချင်တော့ရင်တော့ သူငယ်ချင်းမိတ်ဆွေအဖြစ်က ရပ်စဲလိုက်တာ မျိုးပဲဖြစ်ဖြစ်၊ လုံးဝပိတ်ပစ်လိုက်တာမျိုးပဲဖြစ်ဖြစ် ဒါမျိုးပဲလုပ်လို့ရတာပါ။ ဒီအဆင့်တွေအထိ လုပ်ဖို့မလိုသေးဘူး ဆိုရင်လည်း တစ်ဖက်လူမှာ မမြင်လို၊ မကြားလိုတဲ့အရာတွေကို ကြားနေ၊ မြင်နေရဦးမှာပါပဲ

 

တကယ်တော့ လူမျိုးတစ်မျိုးစီတစ်မျိုးစီမှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာတွေ ရှိကြပါတယ်။ ကမ္ဘာမှာ သူ့နိုင်ငံ၊ သူ့လူမျိုးနဲ့သူ သူတို့ယဉ်ကျေးမှုတွေ ရှိကြသလိုပဲမြန်မာတို့ရဲ့ တိုင်းရင်းသားတစ်ရာကျော်ထဲမှာလည်း ကိုယ်စီကိုယ်စီ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေ ရှိကြပါတယ်။ ပြောဆိုနေထိုင်မှု၊ သွားလာလှုပ်ရှားမှု၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုပတ်ဝန်းကျင် စသည်စသည်အားဖြင့် အရာအားလုံးမှာ သူ့ဓလေ့နဲ့သူ၊ သူ့အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့သူ ရှိကြပါတယ်။ ဒါတွေကိုကိုယ်ကမှ မထိန်းသိမ်းရင် ဘယ်သူကလာထိန်းသိမ်းမလဲ။ ကျန်တဲ့သူတွေ အများကြီးရှိနေတာပဲ၊ ကိုယ်တစ်ယောက်တည်းမလိုက်နာရုံနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူးလို့တွေးချင်စရာပါ။ တကယ်တော့ တစ်ဦးချင်း တစ်ယောက်ချင်းတွေကို စုစည်းထားလို့ လူ့အသိုင်းအဝိုင်းဆိုတာကြီး ဖြစ်လာတာမဟုတ်ပါလား။

 

ကိုယ့်ရဲ့တန်ဖိုးလေးကို ထိန်းသိမ်းမြှင့်တင်

 

လက်တွေ့နယ်ပယ်နဲ့ လူမှုကွန်ရက်ပေါ်ကနယ်ပယ်တွေက ဆက်စပ်နေကြတယ်။ လက်တွေ့နယ်ပယ်မှာ ကိုယ်၊ နှုတ်၊ စိတ်တွေ ခက်ထန်ကြမ်းတမ်းလာတော့ ကွန်ရက်ပေါ်မှာလည်း ဒီအတိုင်းပဲဖြစ်လာကြတယ်။ ကွန်ရက်မရှိခင်တုန်းက ရွာထဲရပ်ထဲမှာ မူးပြီးဆဲ၊ ရမ်းကားနေတဲ့သူကို ရပ်ရွာရဲ့လူရမ်းကားတစ်ယောက်အဖြစ် ရှုမြင်ကြတာပေါ့။ ကွန်ရက်တွေပေါ်လာတော့ ကွန်ရက်ပေါ်မှာပါ ပတ်ဆဲနေတဲ့အတွက် သူနဲ့ပတ်သက်မိတဲ့သူတွေမှာ ကြားရ၊ မြင်ရတဲ့ဒုက္ခတွေ ဖြစ်ကုန်တော့တာပါပဲ။ တကယ်တော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့အညီ ပြောဆိုပြုမူနေထိုင်တာ အကောင်းဆုံးဖြစ်သလို လိုင်းသုံးတဲ့အခါလည်း ကိုယ့်ရဲ့တန်ဖိုးလေးကိုထိန်းသိမ်းမြှင့်တင်ရင်းနဲ့သာ သုံးစွဲသင့်ပါတယ်။

 

တစ်ခါတစ်ခါကျတော့ တစ်ယောက်ယောက်က တစ်ခုခုကို ရေးတင်လိုက်တယ်။ ထောက်ခံတယ်ဆိုရင်အောက်ကနေ တသီတတန်းကြီး ထောက်ခံကြောင်း၊ သဘောကျကြောင်း၊ နှစ်ခြိုက်ကြောင်းတွေ ဝင်ရေးကြတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်နဲ့အမြင်မတူတာလေး တစ်ခုခုကိုများ တင်လိုက်ပြီဆိုမှဖြင့် အားလုံးဝိုင်းပြီး ဆဲလိုက်ဆိုလိုက်ကြတာ။ ဆဲကြတာ ဆဲကြတာတွေဆိုတာ မြင်လို့မကောင်းတော့ဘူး။ အလကားနေရင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဖက်နဲ့တစ်ဖက် လိုင်းပေါ်မှာတင် အမုန်းပွားပြီး စကားထိုးစစ်တွေဆင်နေကြတာ။ လိုင်းပေါ်မှာတင် မငြိမ်းမချမ်းဖြစ်ကုန်ကြတော့တာ။ တချို့လိုင်းပေါ်ကကိစ္စတွေ အပြင်မှာရောက်လာတဲ့ အထိပါပဲ။

 

ရောက်လာတဲ့ပုံစံတွေက အမျိုးမျိုးရှိပါတယ်။ ယဉ်ကျေးတဲ့သူတွေကလည်း သူ့အုပ်စုနဲ့သူ တွေ့ကြ၊ ဆုံကြ၊ လိုင်းပေါ်မှာတင် ခင်မင်ကြပြီးတော့ လက်တွေ့နယ်ပယ်မှာလည်း မျက်နှာချင်းဆိုင်တွေ့ဆုံရင်းက လူမှုကောင်းကျိုးပြု လုပ်ငန်းတွေ၊ ဘာသာရေးကောင်းကျိုးပြု လုပ်ငန်းတွေလုပ်ကိုင်ကြတယ်။ အနုပညာဝါသနာပါတဲ့သူတွေကလည်း အနုပညာအရေးတွေ ဆွေးနွေးမေးမြန်းရင်းကတစ်ဆင့် ရင်းနှီးချစ်ကြည်မှုတွေတိုးလာပြီးတော့အပြင်မှာ တကယ်တွေ့ပြီး ပူးပေါင်းဆောင်ရွက်တတ်လာကြတယ်။ စာအကြောင်း ပေအကြောင်းတွေ ဆွေးနွေးကြ၊ အမြင်ချင်း ဖလှယ်ကြရင်းကတစ်ဆင့် တကယ့်စာပေဝါသနာရှင်တွေ၊ နောက်ပိုင်းမှာ တကယ့်စာပေပညာ ရှင်တွေအဆင့်အထိ တက်လှမ်းနိုင်လာကြတယ်။ ဒါမှမဟုတ် စိုက်ရေးပျိုးရေးကိစ္စတွေ၊ ရောင်းရေးဝယ်တာကိစ္စတွေ ဆွေးနွေးကြရင်းက ကိုယ့်အိမ်ရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနိုင်လာကြတယ်။ ဒါတွေက လူမှုကွန်ရက်ရဲ့ကောင်းကျိုးတွေပါ။ ယုတ်စွအဆုံး ဘယ်သူတွေဘာတင်ထားတယ်၊ ဘယ်သူက ဒီကိစ္စအပေါ် ဘယ်လိုမြင်တယ်ဆိုတာလောက်တော့ သိရတာပေါ့။

 

ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေကလည်း ရှိနေတတ်ပြန်တယ်။ ကွန်ရက်သုံးတဲ့အခါ ကိုယ့်ရဲ့နာမည်အမှန်၊ ဓာတ်ပုံအမှန်နဲ့မသုံးဘူး။ တစ်နည်းနည်းနဲ့ပြောင်းထားတယ်။ ပြီးတော့ ဒီဟာကိုသုံးပြီး ပြစ်မှုကျူးလွန်ဖို့အထိပါ ကြိုးစားလာကြတယ်။ တွေ့တဲ့သူတိုင်း သိသိ၊ မသိသိ လိုက်မိတ်ဆက်ပြီးရင် ငွေချေးရင်ချေးမယ်၊ ဒါမှမဟုတ် ကလိတာတွေ၊ ရိတာတွေ လုပ်ချင်လုပ်မယ်။ အဆင်ပြေမယ်ထင်တော့ အပြင်မှာတွေ့ဖို့ကြိုးစားကြရော။ ပြီးတော့ ပြဿနာတွေ တသီတတန်းကြီး ဖြစ်ကုန်ကြရော။ လိုင်းပေါ်မှာတွေ့ပြီး ချစ်ကြိုက်ကွဲဇာတ်လမ်းတွေ ဖြစ်ကုန်တာတွေလည်း အများကြီးပါ။ တချို့လည်း တကယ့်မေတ္တာစစ်နဲ့ ချစ်မြတ်နိုးတဲ့သူကို ရှာတွေ့သွားတာ ရှိပါတယ်။ ဒါပေမယ့်ဒါက အတော့်ကိုနည်းတဲ့ကိစ္စဖြစ်မှာပါ။ အများအားဖြင့်ကတော့ အပြင်မှာ တစ်ခါမှမမြင်ဖူးတဲ့သူတစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ တစ်ယောက်ချင်းသွားတွေ့ဖို့ဆိုတာ သာမန်မိန်းကလေးတစ်ယောက်အတွက် မလုပ်သင့်တဲ့အရာတစ်ခုပါ။ သိပ်ကိုစွန့်စားလွန်းရာကျပါတယ်။ နစ်နာသွားတဲ့သူတွေလည်း တစ်ပုံကြီးပါ။

 

ကိုယ့်နိုင်ငံကလူတွေမှ ဒီလိုဖြစ်ကြတာတော့မဟုတ်ပါဘူး။ တခြားနိုင်ငံကလူတွေလည်း လုပ်နေကြတယ်။ သူငယ်ချင်းအဖြစ် လက်ခံပေးဖို့ တောင်းဆိုမှုပြုလာတယ်။ လက်ခံလိုက်ပြီဆိုတာနဲ့ မိတ်ဆက်စကား ပြောလာတယ်။ နည်းနည်းပြောပြီးတာနဲ့ လိမ်ဖို့၊ ညာဖို့စတင်တော့တာပါပဲ။ ငွေဘယ်လောက်ရင်းနှီးမြှုပ်နှံချင်လို့၊ လောလောဆယ် ဘဏ်အကောင့်လေးပေးပါဦးဆိုတာမျိုး၊ အရေးကြီးလို့ အမြန်အကြောင်းပြန်ပါဆိုတာမျိုး မသိတဲ့သူတွေတော့ ခံလိုက်ကြရပြန်ရော။ အစုံတော့အစုံပါပဲ။ ဒီကွန်ရက်လေးကို အလွဲသုံးစားပြုနေတဲ့သူတွေလည်း အများကြီးပါပဲ။

 

တကယ်တော့ ကိုယ်ပြုသမျှကာယကံ၊ ဝစီကံ၊ မနောကံတွေဟာ ကိုယ့်ဆီကိုပြန်ပြန်လာတတ်ကြတာပါပဲ။ ဘယ်သူမှ စိစစ်တည်းဖြတ်မှုမရှိတဲ့ နယ်ပယ်ကြီးမှာဖြစ်တဲ့အတွက် ကိုယ်ရေးတဲ့၊ ပြောတဲ့အသုံးအနှုန်းတွေကို ကိုယ်ကိုယ်တိုင်တာဝန်ယူတတ်တဲ့ အလေ့အကျင့်လေးနဲ့သုံးစွဲကြရမှာပါ။ ဒီအပေါ်မှာက အမုန်းစကားတွေ ဘာတွေပါရင် သက်ဆိုင်ရာကွန်ရက်ရဲ့ အော်ပရေတာက ဖြတ်လိုက်တယ်ဆိုပေမယ့် အကုန်လုံးတော့ လိုက်ကြည့်နိုင်ပုံမရပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့နည်းလမ်းနဲ့ အသုံးပြုကြရင် ရေရှည်ပြဿနာတွေ ကင်းဝေးနိုင်ကြမှာပါ။

 

ဒီကွန်ရက်က တစ်ကမ္ဘာလုံးကို ချိတ်ဆက်ထားတာ။ ကိုယ်တင်သမျှ၊ ရေးသမျှတွေဟာ ပေါက်ခြင်း၊ မပေါက်ခြင်း အပေါ်မူတည်ပြီးတော့ ကိုယ့်သူငယ်ချင်းတွေလောက်ပဲ သိမှာလား၊ ကိုယ့်သူငယ်ချင်းတွေကို ကျော်လွန်ပြီး လူထောင်၊သောင်း၊ သိန်းချီ စောင့်ကြည့်ကြမယ့် အခြေအနေအထိ ရောက်မှာလားဆိုတာတွေ ကွဲသွားပါတယ်။ ကိုယ်တစ်ယောက်ပဲသိတဲ့ Only Me Post ပဲဖြစ်ဖြစ်၊ Public ကိုချပြတဲ့ Post ပဲဖြစ်ဖြစ် ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနဲ့ လျော်ညီတဲ့ ပြောဆိုရေးသားမှုတွေချည်းဖြစ်နေရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

 

ဟိုတုန်းက ဘောလုံးပွဲတွေဆို လူသိပ်စည်တယ်။ ကြည့်ရင်းကြည့်ရင်း အားပေးရင်းနဲ့ ဆဲသံဆိုသံတွေကလည်း မိုးမွှန်နေကြတယ်။ သိပ်မဆဲကြပါနဲ့ဗျာဆိုတော့ ဆဲရမှာပေါ့ဟ၊ ဆဲချင်လို့ကို ဘောလုံးပွဲ လာကြည့်တာတဲ့။ ကောင်းရော။ ဘောလုံးပွဲကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ လာကြည့်တာဖြစ်ပုံရပါတယ်။ အခုလည်း လူမှုကွန်ရက်တွေကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့များ သုံးနေဖြစ်ကြသလားတော့ မသိဘူး။ စိတ်ထွက်ပေါက်အနေနဲ့ သုံးရင်းနဲ့ ထွက်ပေါက်မရှိတဲ့ အခြေအနေမျိုးကိုရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ဂုဏ်ကို ထိန်းဖို့တော့လိုအပ်ပါတယ်။

 

လက်တွေ့နယ်ပယ်မှာလည်း ယဉ်ကျေးနိုင်ကြပါစေ။ လူမှုကွန်ရက်ပေါ်မှာလည်း ယဉ်ကျေးသိမ်မွေ့နိုင်ကြပါစေ။ ။

 

သိုက်စိုးထွန်း (နတ်ရွာ)